နှိပ်ကွပ်တာမျိုး လက်မခံဘူးလို့ ဦးဝီရသူ ပြော

နှိပ်ကွပ်တာမျိုး လက်မခံဘူးလို့ ဦးဝီရသူ ပြော
(ဓာတ္ပံု- အီးပီေအ)

နေပြည်တော်(မေလ ၂၉ရက်၊ ၂၀၁၉ခုနှစ်)။ ။ ထောင်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲခံရသည့် ဦးဝီရသူက သူ့အနေဖြင့် သံဃာများကို နှိပ်ကွပ်ခြင်းအပေါ် လက်မခံဟု ပြောဆိုခဲ့သည်။

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ အမျိုးသားရေး ဘုန်းတော်ကြီး ဦးဝိစိတ္တာဘိဝံသအား ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူက တရားစွဲဆိုထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားကာ သတင်းဌာနတချို့က မေလ ၂၈ရက်၊ ညပိုင်းတွင် ဖော်ပြထားသည်။

ထို့အပြင် မေလ ၅ရက်က ရန်ကုန်တွင်ပြုလုပ်သည့် ပုဒ်မ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲတွင် ဟောပြောမှုနှင့်ပတ်သက်၍လည်း ဦးဝီရသူကို ခေါ်ယူ ဩဝါဒပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားခဲ့သည်။

မနက်ဖြန် မေလ ၃ဝရက်၊ မွန်းလွဲ ၂နာရီအချိန်၊ ရွှေတိဂုံစေတီတော်အနီးရှိ တိုင်းသံဃနာယကအဖွဲ့ရုံးတွင် လာရောက် ဩဝါဒခံယူရန် ရန်ကုန်တိုင်း၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ဦးဝီရသူကို မေလ ၂၂ရက်၊ ရက်စွဲဖြင့် အကြောင်းကြားထားသည်။

ဩဝါဒခံယူရန် တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသည့် တိုင်းသာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူကို ဦးဝီရသူက “ခင်ဗျားတို့လည်း ပြောလိုက်ပါ။ သံဃနာယကက သံဃာတွေကို အကာအကွယ်ပေးရမှာ။ သံဃာတွေကို နှိပ်ကွပ်တာမျိုး ဝီရသူက လက်ခံမှာ မဟုတ်ဘူးလို့” ဟု တုံ့ပြန်လိုက်သည်။

တိုင်းသာသနာရေးဦးစီးဌာန တာဝန်ရှိသူ ဦးကျော်လှိုင်နှင့် ဦးဝီရသူတို့ အပြန်အလှန် ပြောဆိုထားသည့် ၁၁မိနစ်နှင့် ၄၄စက္ကန့်ကြာမြင့်သော အသံဖိုင်ကို ရုရှား VK လူမှုကွန်ယက်ရှိ Ven-vicittar Bhivamsa စာမျက်နှာတွင် လွှင့်တင်ထားသည်။

ဦးဝီရသူထံ ပေးပို့ထားသည့် အကြောင်းကြားစာတွင် “ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့၊ ကားပါကင်တွင် ပြုလုပ်ခဲ့သော ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ဟောပြောခဲ့သော ဦးဝီရသူအား နောက်နောင် ထိုကဲ့သို့ လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်မှု မပြုရေး ခေါ်ယူဩဝါဒပေးရန်” မဟနက ဆုံးဖြတ်ခဲ့သည်ဟု ရေးသားထားသည်။

အဆိုပါ ‘လူမှုရေးကိစ္စ’ ဟူသည့် အသုံးအနှုန်းကိုလည်း ဦးဝီရသူက “ဘုရားက မယား(၇)မျိုး၊ လင်(၈)မျိုးတောင် ဟောတာနော်။ အဲ့ဒါ လူမှုရေး မဟုတ်ဘူးလား။ အိမ်ထောင်သားမွေးအခန်းပါ အကုန်ဟောထားတာ။ အဲ့ဒါ လူမှုရေး မဟုတ်ဘူးလား” ဟု မေးခွန်းထုတ်ခဲ့သည်။

ဧပြီ ၂၉ရက်က မြိတ်မြို့တွင် ပြုလုပ်သည့် ၅၉(စ)မပြင်ဆင်ရေး ဆန္ဒပြပွဲတွင် ဦးဝီရသူက ‘‘မိတ်ကပ်လေးလိမ်းဖို့ လောက်တတ်၊ ဖက်ရှင်လေးဝတ် ဖို့လောက်တတ်၊ ဒေါက်မြင့်လေး နဲ့ ကော့ကော့လျှောက်သွားဖို့ လောက်တတ်၊ ဒီကြားထဲ နိုင်ငံ ခြားသားတွေ တွေ့ရင်...ကယမ်း ချင်သေးတယ်။ ဒီလောက်သရမ်း နေတဲ့ ဟာကြီးကို သမ္မတတင်ချင် သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ သေချာပေါက်’’ ဟု ဟောပြောခဲ့သည်။

မေလ ၅ရက်က ရန်ကုန်မြို့တွင်လည်း ဦးဝီရသူက လွှတ်တော်အတွင်းရှိ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည်။

ဦးဝီရသူသည် အမုန်းတရားများနှင့် ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများကို ဒေသအသီးသီးတွင် ဟောပြောခဲ့ခြင်းကြောင့် ၂၀၁ရခုနှစ်၊ မတ်လအတွင်း နိုင်ငံတော်သံဃမဟာနယာကအဖွဲ့က ၎င်းကို တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခဲ့သေးသည်။

ထို့ပြင် ဦးဝီရသူကို အမုန္းစကားများ ဖြန့်သည်ဟုဆိုကာ Facebook ကလည်း ၎င်းတို့၏ ဝန်ဆောင်မှုများကို အသုံးပြုခွင့် ပိတ်ပင်ကြောင်း ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလက ကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly