ဦးဝီရသူကို ဆုံးမရန် မဟနကလည်း ညွှန်ကြားထား

ဦးဝီရသူကို ဆုံးမရန် မဟနကလည်း ညွှန်ကြားထား

နေပြည်တော်(မေလ ၂၉ရက်၊ ၂၀၁၉ခုနှစ်)။ ။ မေလ ၅ရက်က ရန်ကုန်တွင်ပြုလုပ်သည့် ပုဒ်မ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ဟောပြောခဲ့မှုအတွက် ဦးဝီရသူအား ခေါ်ယူပြီး ဩဝါဒပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)က ညွှန်ကြားလိုက်သည်။

“ဦးဝီရသူအား နောက်နောင် ထိုကဲ့သို့ လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်မှု မပြုရေး ခေါ်ယူဩဝါဒပေးရန်” မဟနက ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ထံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုလ ၃ဝရက်၊ မွန်းလွဲ ၂နာရီတွင် ရွှေတိဂုံစေတီတော်အနီးရှိ တိုင်းသံဃနာယကအဖွဲ့ရုံးတွင် ပြုလုပ်မည့် ‘ဩဝါဒပေးပွဲ’ အခမ်းအနားသို့ ကြွရောက်ရန် ယခုလ ၂၂ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့၊ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိက ဦးဝီရသူထံ အကြောင်းကြားသည်။

မန္တလေးတိုင်း၊ သာသနာရေးဦးစီးဌာနရုံးမှတစ်ဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ယင်းအကြောင်းကြားစာကို လာရောက်ပေးပို့ရန် တိုင်းသာသနာရေးဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးမှ ၎င်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည့် အသံဖိုင်ကို ဦးဝီရသူက လူမှုကွန်ယက် VK တွင် မေလ ၂၈ရက်၊ ည ၁၁နာရီ အချိန်ခန့်က လွှင့်တင်ထားသည်။

အဆိုပါ အသံဖိုင်အရ တိုင်းသာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လှိုင်က ဦးဝီရသူထံ ဆက်သွယ်ထားခြင်း ဖြစ်ပြီး အောက်ပါအတိုင်း အပြန်အလှန် ပြောဆိုထားသည်ကို တွေ့ရသည်။

ဦးကျော်လှိုင်က “အထူးမဟုတ်ပါဘူးဘုရား။ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံးက ပို့တဲ့စာလေး ဆရာတော့ဆီ လာကပ်ချင်လို့” ဟု ဆိုကာ ဩဝါဒခံယူရန် အကြောင်းကြားစာအကြောင်း ရှင်းပြခဲ့သည်။

ထို့နောက် ဦးဝီရသူက “အဲ့ပွဲမှာ သင်္ကန်းချွတ်ဖို့ အစီအစဉ်ရှိလား” ၊ “သင်္ကန်းချွတ်ပြီး ထောင်ထဲထည့်မလို့လား”၊ “ကျုပ်တော်တော်ဆိုးပုံရတယ်နော်။ ရန်ကုန်ကို ခေါ်ဆုံးမမှာဆိုတော့” ဟု အစရှိသဖြင့် ညွှန်ကြားရေးမှူးကို ပြန်လည် မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် “ဘုန်းကြီးတွေ တရားစွဲဖို့ကျတော့ သာသနာရေးဌာနကို တရားလိုလုပ်ခိုင်းပြီး သာသနာရေးဌာနကပဲ တရားစွဲတာ တွေ့တယ်။ အဲ့ဒါ ဘာလည်းမသိဘူး။ ကမ္ဘာအေး(မဟနရုံးချုပ်)က ဘုန်းကြီးတွေ တရားစွဲဖို့ ဖွဲ့ထားတာလား” ဟုလည်း ဦးဝီရသူက ဝေဖန်ခဲ့သည်။

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ အမျိုးသားရေး ဘုန်းတော်ကြီး ဦးဝိစိတ္တာဘိဝံသအား ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူက တရားစွဲဆိုထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားကာ သတင်းဌာနတချို့က မေလ ၂၈ရက်၊ ညပိုင်းတွင် ဖော်ပြထားသည်။

အစိုးရကို မုန်းထားအောင်၊ မလေးစားအောင် လှုံ့ဆော်ခြင်း ပုဒ်မ ၁၂၄(က)သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။

ဧပြီလ ၂၉ရက်က မြိတ်မြို့နှင့် မေလ ၅ရက်က ရန်ကုန်မြို့တို့တွင် ဟောပြောချက်များနှင့်ပတ်သက်ပြီး ဦးဝီရသူကို တရားစွဲရန် အမှုတည်ဆောက်နေကြောင်းလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဆဲဗင်းဒေးသတင်းစာကို ပြောဆိုထားသည်။

မြိတ်မြို့တွင် ပြုလုပ်သည့် ၅၉(စ)မပြင်ဆင်ရေး ဆန္ဒပြပွဲတွင် ဦးဝီရသူက ‘‘မိတ်ကပ်လေးလိမ်းဖို့ လောက်တတ်၊ ဖက်ရှင်လေးဝတ် ဖို့လောက်တတ်၊ ဒေါက်မြင့်လေး နဲ့ ကော့ကော့လျှောက်သွားဖို့ လောက်တတ်၊ ဒီကြားထဲ နိုင်ငံ ခြားသားတွေ တွေ့ရင်...ကယမ်း ချင်သေးတယ်။ ဒီလောက်သရမ်း နေတဲ့ ဟာကြီးကို သမ္မတတင်ချင် သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ သေချာပေါက်’’ ဟု ဟောပြောခဲ့သည်။

မေလ ၅ရက်က ရန်ကုန်မြို့တွင်လည်း ဦးဝီရသူက လွှတ်တော်အတွင်းရှိ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly