မောတောင်နယ်စပ်ဂိတ် လမ်းအသုံးပြုခ မေလ အကုန်၌ စတင် ကောက်ခံတော့မည် ဟုဆို

မောတောင်နယ်စပ်ဂိတ် လမ်းအသုံးပြုခ မေလ အကုန်၌ စတင် ကောက်ခံတော့မည် ဟုဆို

မြိတ်၊ မေ (၂၈) ။          ။ မြိတ်အများပိုင်ကော်ပိုရေးရှင်း ကုမ္ပဏီမှ BOT စနစ်ဖြင့် ငွေကျပ် ၂၅ ဘီလီယံ ကုန်ကျခံကာ ဖောက်လုပ်ပြီး စီးသည့် တနင်္သာရီ- မောတောင် လမ်းပိုင်း လမ်းအသုံးပြုခကို မေလ အကုန်၌ စတင်ကောက်ခံတော့မည် ဖြစ်ကြောင်း မြိတ် အများပိုင်ကော်ပိုရေးရှင်းကုမ္ပဏီ လီမိတက် မှ သိရသည်။

အဆိုပါ တနင်္သာရီ- မောတောင် လမ်းပိုင်းရှိ ထုံခါ- သဲဖြူ- မောတောင်လမ်း အရှည် ၄၈ မိုင်နှင့် ၂ ဖာလုံကို မြိတ်အများပိုင်ကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက်မှ မှ BOT စနစ်ဖြင့် ၆ နှစ်တာ ကာလ အချိန်ယူ၍ ဖောက်လုပ် ခဲ့ပြီး ကျပ်ငွေ ၂၅ ဘီလီယံ ကုန်ကျခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။

“ကျွန်တော်တို့ ဖောက်လုပ် ဆောင်ရွက်ထားတဲ့ ဒီလမ်းပိုင်းမှာ အခုဆိုရင် အားလုံး ပြီးသွားပါပြီး။ အခု တိုးဂိတ် ၂ ခုကို ထပ်ဆောက်လုပ် နေပါတယ်။ မကြာခင် ပြီးတော့မှာ ဖြစ်ပါတယ်။ လမ်း အသုံးပြုခကိုတော့ ဒီလ ကုန်ရင်ကောက်ခံတော့မှာ ဖြစ်ပါတယ်”ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်း ကုမ္ပဏီ လီမိတက်မှ ဥက္ကဋ္ဌ ဦးလှသန်းက ပြောသည်။

အဆိုပါ လမ်းပိုင်မှာ မြန်မာ - ထိုင်း နယ်စပ် ကုန်သွယ်မှုလမ်းမကြီး ဖြစ်၍ လက်ရှိတွင် ပြီးစီးသွားပြီဖြစ်ပြီး၊ မြိတ်ဒေသရှိ ရေထွက် ပစ္စည်းများ၊ ခရီးသွားလုပ်ငန်းများ အပြင် အခြားသော ကုန်သွယ်ရေး လုပ်ငန်းများကို မြိတ်မြို့မှ ထိုင်းနိုင်ငံ နယ်စပ်မြို့ မောတောင်အထိ နေ့ချင်းပြန် ခရီးဖြင့် သွားရောက် နိုင်မည် ဖြစ်သည်။

မောတောင် နယ်စပ်ဂိတ် လမ်းပိုင်းသည်၊ ယခင်က မြေသားလမ်းတစ်ခုဖြစ်ပြီး မြိတ်မှ မောတောင်မြို့ အထိ မိုင် ၁၂၀ ခန့် ကွာဝေးကြောင်း ယခင်က အဆိုပါလမ်းကို အသုံးပြုမည်ဆိုပါက အချိန် ၄ရက်ခန့် ကြာမြင့်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့တွင် မောတောင်မြို့၌ နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်ခဲ့ပြီး ထိုင်းဘက်ရှိ ပရာကျွတ်မြို့တွင်လည်း ဆင်ခွန်းဂိတ်ကို ၂၀၁၅ ခုနှစ် မေလ ၂၃ ရက်နေ့မှစတင်ကာ ယာယီ နယ်စပ်ဂိတ်မှ အထူး ယာယီ နယ်စပ်ဂိတ် အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly