ပဲခူးတိုင်းဝန်ကြီးချုပ်၏ သား ဓားထောက်လုယက်ခံရ၊ ကျူးလွန်သူများကို ရဲတပ်ဖွဲ့မှ လုံးထွေးဖမ်းဆီး

ပဲခူးတိုင်းဝန်ကြီးချုပ်၏ သား ဓားထောက်လုယက်ခံရ၊ ကျူးလွန်သူများကို ရဲတပ်ဖွဲ့မှ လုံးထွေးဖမ်းဆီး
ဓာတ်ပုံ - ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၂၈ ။         ။ ပဲခူးတိုင်းဝန်ကြီးချုပ်၏ သားဖြစ်သူကို မေလ ၂၇ ရက်နေ့၊ ညနေပိုင်းက ဓားထောက်လုယက်ခံခဲ့ရပြီး ကျူးလွန် သူများအား ရဲတပ်ဖွဲ့မှ ရှာဖွေဖမ်းဆီးခဲ့ရာတွင် ဓားများဖြင့် ပြန်လည်ခုခံသည့်အတွက် ကျူးလွန်သူ ၂ ဦးကို သေနတ်ဖြင့်ခြောက်လန့်ပစ်ခတ်ပြီး လုံးထွေးဖမ်းဆီးခဲ့ရကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

လုယက်မှုကျူးလွန်ခဲ့သူ ၂ ဦးမှာ ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်တွင်နေထိုင်သော အသက် ၂၄ နှစ်အရွယ် သူရိန်ထွန်း(ခ)သူရိန်နှင့် အသက် ၁၉ နှစ်အရွယ် မင်းထက်သာ (ခ)မင်းထက် ဆိုသူတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

မေလ ၂၇ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၏ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်ဆက်ဝင်းမာန်က ၎င်း၏ သူငယ်ချင်း ၃ ဦးနှင့်အတူ ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ရာဝန်း အတွင်းရှိ ခုံတန်းလျားတွင် စကားပြောနေစဉ် အသက် ၂ဝ ဝန်းကျင်ခန့်ရှိ အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်နှင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အဆိုပါ အမျိုးသား ၂ ဦးက မောင်ဆက်ဝင်းမာန်ကို  အရှည်(၈)လက်မခွဲခန့် ခလုတ်ဓါးဖြင့် ရင်ဘတ် အားထောက်ကာ '' ပါးစပ်ပိတ်ထား အသံမထွက်နဲ့။ မင်းဘောင်းဘီ အိတ်ထဲက ပိုက်ဆံနဲ့ ဖုန်းကိုပေး”ဟု ခြိမ်းခြောက်တောင်းဆိုစဉ် မောင်ဆက်ဝင်းမာန်၏ သူငယ်ချင်းဖြစ်သူ မသစ်သစ်အောင်မှ ‘‘ဓါးနှင့် ထောက်လို့'' ဟု အော်ဟစ်ခဲ့ရာ အမည်မသိအမျိုးသားမှာ ဆိုင်ကယ်မောင်း ထွက်ပြေးသွားခဲ့သည်။

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှ တဆင့် စုံစမ်းခဲ့ရာ ကျူးလွန်သူ ၂ ဦးကို သိရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၂ ဦးမှာ မြစိမ်းရောင်စေတီဝန်းအတွင်း ပုန်းခိုနေကြောင်းသတင်းရသဖြင့် ရှာဖွေခဲ့ရာ စေတီဝန်းအတွင်းရှိ ခြုံပုတ် အတွင်း ပုန်းခိုနေသည်ကိုတွေ့ရှိရ၍ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ကျူးလွန်သူ ၂ ဦးမှာ အရိုး/အသွား(၈) လက်မခွဲခန့်ရှိ ဓါးဖြင့် ရဲတပ်ဖွဲ့ကို ပြန်လည်ခုခံသဖြင့် ရဲမှ ခြောက်လုံးပြူးသေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ပြီး လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့်  အသက် ၂၄ နှစ်အရွယ် သူရိန်ထွန်း(ခ)သူရိန်နှင့် အသက် ၁၉ နှစ်အရွယ် မင်းထက်သာ (ခ)မင်းထက်တို့ကို ပဲခူးမြို့မရဲစခန်းတွင် (ပ) ၁၄၅၇/ ၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၇/၁၁၄ ဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်။

သူရိန်ထွန်း(ခ)သူရိန်နှင့်  မင်းထက်သာ(ခ)မင်းထက်တို့အား စစ်ဆေးရာ ရှင်စောပုပန်းခြံအတွင်းရှိ အတွဲ တစ်တွဲထံမှ Vivo Y15 အဖြူရောင် ဖုန်း ၁ လုံးနှင့် Oppo A11W နက်ပြာ ရောင် ဖုန်း ၁ လုံးတို့အား လုယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly