ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ‘အသင့်ဖြစ်နေ’တဲ့ ကိန်း

ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ‘အသင့်ဖြစ်နေ’တဲ့ ကိန်း
Photos: AFP & EPA

ဟယ်ရီကိန်းဟာ ဒဏ်ရာကနေ ပျောက်ကင်းလာပြီး လေ့ကျင့်ခန်း အပြည့်အဝဆင်းပြီးနောက်မှာတော့ မက်ဒရစ်မြို့မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် စနေနေ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် "ကစားဖို့ အသင့်ဖြစ်ပြီ"လို့ စပါးတိုက်စစ်မှူးက ပြောပါတယ်။

အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ ဧပြီလ ၉ ရက်က မန်စီးတီးအသင်းနဲ့ ကစားတဲ့ ချန်ပီယံလိဂ်ကွာတာဖိုင်နယ် ပထမကျော့ပွဲမှာ ပြိုင်ဘက်ကစားသမား ဒဲ့လ်ဖ်နဲ့ ထိခိုက်မိရာမှ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းပြီးနောက်မှာတော့ ဗိုလ်လုပွဲမှာ သူကစားဖို့ အသင့်ဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။

"သောကြာနဲ့ စနေနေ့တုန်းက ကျနော် အသင်းနဲ့အတူ လေ့ကျင့်ခဲ့ပါတယ်။ ဒီအပတ်လည်း လေ့ကျင်းခန်းဆင်းပါလိမ့်မယ်။ ကောင်းမွန်တဲ့ ခံစားချက်ကိုလည်း ရနေပါပြီ။”လို့ ကိန်းက ပြောသွားပါတယ်။

“အခုချိန်အထိလည်း ဒဏ်ရာက ဘာပြဿနာမှ မရှိတော့ပါဘူး။ ဒီတပတ်မှာ ကျနော်အတွက် ကြံ့ခိုင်မှုပိုင်း ကောင်းသထက်ကောင်းလာအောင် အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ။ ကျနော့်ကစားဖို့ အဆင်သင့်ဖြစ်တယ် မဖြစ်တယ်ဆိုကိုတော့ နည်းပြက ဆန်းစစ်ပြီး ပွဲထွက်ခွင့်ပေး မပေး ဆုံးဖြတ်ပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာ ကျနော့်ဘက်က ကောင်းမွန်နေတယ်လို့ ခံစားရပြီး အဆင်သင့်ဖြစ်နေပါပြီ။"လို့  သူက ပြောသွားပါတယ်။

ကိန်းဟာ အလားတူခြေကျင်းဝတ်ဒဏ်ရာကြောင့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ (၆)ပတ်အထိ ပွဲစဉ်တွေကို လွဲချော်ခဲ့ပေမယ့်လည်း ဒီရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံမှာ (၂၄)ဂိုးထိ သွင်းယူထားပါတယ်။

စပါးနည်းပြ ပိုချက်တီနိုကလည်း ဟယ်ရီကိန်းဟာ အလွန်ကောင်းမွန်တဲ့အခြေအနေမှာ ရှိပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကြံ့ခိုင်မှုအပြည့်ရှိလာနိုင်တယ်လို့ ပြောဆိုသွားပါတယ်။

ပိုချက်တီနိုက ကိန်းဟာ ပြန်လာနိုင်ဖို့ နီးစပ်ခဲ့ပါပြီလို့ သတင်းထောက်တွေကို တနင်္လာနေ့က ပြောဆိုသွားပါတယ်။

"ပြီးခဲ့တဲ့တပတ် သောကြာနဲ့ စနေနေ့မှာ ဟယ်ရီကိန်းဟာ အသင်းမှာ ပါဝင်လေ့ကျင့်ဖို့ရာ စတင်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် အလွန်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ပါ။"လို့ ပိုချက်တီနိုက ပြောပါတယ်။

"သူဟာ သူ့ရဲ့ ဒဏ်ရာအတွက် ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ပါလိမ့်မယ်။"

စပါးအသင်းဟာ ဟယ်ရီကိန်းမပါဝင်နိုင်ခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်မှာ မန်စီးတီးနဲ့ ဆီမီးဖိုင်နယ်မှာ အေဂျက်စ်တို့ကို အံ့အားသင့်ဖွယ် ကျော်ဖြတ်ပြီး အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly