အဂတိမှုများအပေါ် တပ်တွင်း အရေးယူမှု ကော်မရှင်ထက်ပင် ပြင်းထန်ဟု တပ်မတော် ပြော

အဂတိမှုများအပေါ် တပ်တွင်း အရေးယူမှု ကော်မရှင်ထက်ပင် ပြင်းထန်ဟု တပ်မတော် ပြော
 (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၂ရရက်၊ ၂၀၁၉ခုနှစ်)။ ။ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး တပ်တွင်း စစ်ဆေး၊ အရေးယူမှုများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထက်ပင် ပိုမိုပြင်းထန်ကြောင်း တပ်မတော်ဘက်က ပြောကြားလိုက်သည်။

 တပ်မတော်အရာရှိကြီးများ အပါအဝင် တပ်မတော်သားများ၏ အဂတိလိုက်စားမှုအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုက်ရိုက်အရေးယူ၍ မရသော်လည်း “ကော်မရှင်က အရေးယူတာထက်ပိုပြီး ပြင်းထန်ပါတယ်။ ကျွန်တော်တို့ အရေးယူတာက ပိုပြင်းထန်တယ်။ စုံစမ်းကြည့်ပါ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

 နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် မေလ ၂ရရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သားများ၏ အဂတိလိုက်စားမှုအပေါ် အရေးယူမှုနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 “အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တပ်မတော်မှာ အရာရှိကြီး အဆင့်ပေါ့။ ကျွန်တော့ထက် အဆင့်မြင့်တဲ့ လူတွေ အရာရှိကြီးအဆင့်အထိ အရေးယူခဲ့တာတွေ ရှိတယ်။ တရားဝင်ထုတ်ပြန်ခြင်း မရှိပါဘူး။ မေးလည်း မမေးနဲ့၊ မပြောဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

 တပ်မတော်အတွင်း အဂတိလိုက်စားမှုများနှင့် ပတ်သက်သည့် တိုင်ကြားစာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက် တိုင်ကြားခြင်း၊ တိုင်းစစ်ဌာနချုပ်အဆင့်ဆင့် တိုင်ကြားခြင်းနှင့် လွှတ်တော်၊ သမ္မတရုံးနှင့် ကော်မရှင်မှ လွှဲပြောင်းပေးသည့် တိုင်စာများလည်း ရှိသည်ဟု ၎င်းက ဆိုသည်။

 “အနည်းဆုံးကတေ့ စုံစမ်း၊ စစ်ဆေးရေး ခုံရုံးလုပ်တယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ လုပ်ထုံး၊ လုပ်နည်းတွေအတိုင်း သက်သေခံတွေယူတာ ရှိတယ်။ ပြစ်မှု ထင်ရှားလာရင် အရေးယူတာ ရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

 တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့သည်လည်း လက်ရှိ NLD အစိုးရက ချမှတ်ထားသည့် မူဝါဒ၊ လမ်းစဉ်များကို  ကျော်လွန်လုပ်ဆောင်ခြင်း မရှိကြောင်း တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သေးသည်။

 “ဘယ်ဟာကိုမှ ကျော်လွန်ပြီးတော့ ဒါငါထုတ်မယ်။ ငါ့ဟာငါ ဒီဟာလုပ်မယ်။ ငါ့ဟာငါ ဘီယာ ထုတ်မယ်။ အရက်ချက်မယ်။ ကျွန်တော်တို့ အဲ့လို လုပ်လို့ မရပါဘူး။ အရက်လည်း ဒီဟာနဲ့ ကိုက်သလား၊ မကိုက်ဘူးလား။ သောက်သုံးရန် သင့်သလား၊ မသင့်ဘူးလား။ အဲ့ဒီ အရည်အသွေးတွေကအစ အကုန်လုံး အစစ်ဆေးခံရပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly