မလေးရှားကလပ်အသင်းတစ်သင်းမှာ ရင်းနှီးမြှပ်နှံလိုတဲ့ မန်စီးတီးအသင်းပိုင်ရှင်

မလေးရှားကလပ်အသင်းတစ်သင်းမှာ ရင်းနှီးမြှပ်နှံလိုတဲ့ မန်စီးတီးအသင်းပိုင်ရှင်
Photo: EPA & Twitter/SyedSaddiq

ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးရဲ့ ပိုင်ရှင်တွေဟာ မလေးရှားစူပါလိဂ်မှ ကလပ်အသင်းတစ်သင်းကို မကြာခင် ဝယ်ယူနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

အဘူဒါဘီတော်ဝင် မိသားစုရဲ့ ရှိတ်မန်ဆော်က ငွေကြေးထောက်ပံ့ပေးထားတဲ့ City Footbal Group (CFG) ရဲ့ အမှုဆောင်အရာရှိချုပ် ဆိုရီယာနိုဟာ ကြာသပတေးနေ့က မလေးရှားနိုင်ငံမှာ အားကစားဝန်ကြီး ဆာဒစ့်ကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

CFG အုပ်စုဟာ မန်စီးတီးအသင်းအပါအဝင် နယူးယောက်စီးတီး၊ မဲလ်ဘုန်းစီးတီး၊ ဂျပန်ကလပ် ယိုကိုဟားမား အက်ဖ်မာရီနို၊ အက်သလက်တီကို တိုရပ်၊ ဂျီရိုနာနဲ့ စီချွမ် ဂျေနီရူကလပ်အသင်းတွေကို ရှယ်ယာပါဝင် (သို့) ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

စီးတီးဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆွတ်ခူးခဲ့ပြီးနောက် ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားအပါအဝင် ပြည်တွင်းဖလား (၃)လုံးနဲ့အတူ ဒီရာသီမှာ အမြင့်ပျံသန်းခဲ့ပါတယ်။

"သူတို့ (မန်စီးတီး)ဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ မလေးရှားကလပ်အသင်းတစ်သင်းကို ပူးတွဲပိုင်ဆိုင်ဖို့ စိတ်ဝင်စားနေပါတယ်။"လို့ မလေးရှား အမျိုးသားအားကစားကောင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် အာမက် ရှာပေါ အစ္စမေးလ်က အေအက်ဖ်ပီကို ပြောဆိုခဲ့ပါတယ်။

ကြာသပတေးနေ့က အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အစ္စမေးလ်က သူဟာ ဒီသတင်းအတွက် "ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး စိတ်လှုပ်ရှား"ခဲ့တယ်လို့ ပြောပါတယ်။

ဘယ်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတာကိုတော့ ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

ဒါပေမယ့် ဝန်ကြီး ဆာဒစ့်က CFG အုပ်စုဟာ မကြာခင် ပြည်တွင်းကလပ်တွေရဲ့ ဥက္ကဋ္ဌအချို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုရီယာနိုကတော့ သူအနေနဲ့ မလေးရှားမှာ ကြီးမားတဲ့ ဖြစ်နိုင်ချေတွေကို မြင်တွေ့ခဲ့ပြီး မလေးရှားဟာ ဘောလုံးလောကအတွက် အခွင့်အရေးတစ်ခု ရှိတယ်လို့ ပြောသွားပါတယ်။

မလေးရှားမှာ ဘောလုံးအားကစားဟာ လူအများကြိုက်နှစ်သက်ကြပေမယ့် နိုင်ငံတကာအဆင့်မှာ စွမ်းဆောင်ရည်ကောင်းကောင်းတော့ ရှိမနေဘဲ လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် (၁၆၈) မှာ ရပ်တည်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly