လက်ကျန်နှစ်ပွဲတွင် ရမှတ်တစ်မှတ်ရပါက ရန်ကုန်လူငယ်အသင်း ချန်ပီယံဖြစ်မည်

လက်ကျန်နှစ်ပွဲတွင် ရမှတ်တစ်မှတ်ရပါက ရန်ကုန်လူငယ်အသင်း ချန်ပီယံဖြစ်မည်
ရန်ကုန်နှင့် ရခိုင်အသင်းတို့ အကြိတ်အနယ်ကစားစဉ်။ (ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက်)

အောက်တိုဘာ ၇၊ ရန်ကုန်။              ။ ၂၀၁၅ အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် လက်ကျန်ပွဲစဉ် နှစ်ပွဲသာ ကျန်ရှိနေပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှ ဦးဆောင်နေသော ရန်ကုန်ယူနိုက်တက်လူငယ်ဘောလုံးအသင်းသည် လက်ကျန်ပွဲ စဉ်နှစ်ပွဲ၌ ရမှတ် တစ်မှတ်ရပါက ချန်ပီယံဆုဖလား ရရှိမည်ဖြစ်သည်။

ရန်ကုန်လူငယ်အသင်းနှင့် ရခိုင်ယူနိုက်တက် လူငယ်အသင်းတို့ ကစားခဲ့သော ပွဲစဉ် ၂၄ ၊ ပွဲချိန် မိနစ် ၈၀ ကျော်၌ ကွင်း လယ်ဒိုင်လူကြီးက ရန်ကုန်လူငယ်အသင်းဘက်သို့ ပင်နယ်တီပေးခဲ့သည်။ အဆိုပါပင်နယ်တီဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ရခိုင်လူငယ်အသင်းသည် ဆက်လက်ကစားခြင်းမပြုဘဲ ကွင်းအတွင်းမှ ထွက်ခွာခဲ့သည်။

ထို့ကြောင့် ဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြိုင်ပွဲစည်းကမ်း ၁၄-၂ အရ ရန်ကုန်လူငယ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ပေးခဲ့သည်။ ပွဲစဉ် ၂၄ အပြီးတွင် ရန်ကုန်လူငယ်အသင်းက စုစုပေါင်း ၂၂ ပွဲကစားထားပြီး ၁၇ ပွဲ နိုင်၊ သုံးပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၅၄မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။

ဒုတိယနေရာတွင် ရတနာပုံလူငယ်အသင်းက စုစုပေါင်း ပွဲစဉ် ၂၃ ပွဲ ကစားထားပြီး ၁၅ ပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၅၁ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ရန်ကုန် အသင်းသည် ဒုတိယနေရာ မှ ရတနာပုံအသင်းအား တစ်ပွဲလျော့၊ ရမှတ်သုံးမှတ်ဖြတ်ထားနိုင်သောကြောင့် အောက်တိုဘာ ၁၂ ရက်တွင် ကစားမည့် ချင်းယူနိုက်တက်အသင်းနှင့်ပွဲတွင် ရမှတ် တစ်မှတ်ရရှိပါက ချန်ပီယံဖလား ရယူနိုင်မည်ဖြစ်သည်။

ပွဲစဉ် ၂၄ အခြားပွဲရလဒ်များမှာ ဇွဲကပင်အသင်းက ဇေယျာရွှေမြေအသင်းကို ၂-၀ ဂိုး၊ ရတနာပုံအသင်းက မနောမြေအသင်း ကို ၃-၂ ဂိုး၊ ဟံသာဝတီအသင်းက MFF Youth အသင်းကို ၂-၁ ဂိုး၊ ကမ္ဘောဇအသင်းက ဧရာဝတီအသင်းကို ၃-၁ ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး မကွေးအသင်းနှင့် နေပြည်တော်အသင်းတို့ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly