ရွေးကောက်ပွဲဟာ ခရီးလမ်းဆုံးမဟုတ် ပြောင်းလဲရေးအတွက် ခရီးအစလို့ IDEA ဆို

ရွေးကောက်ပွဲဟာ ခရီးလမ်းဆုံးမဟုတ် ပြောင်းလဲရေးအတွက် ခရီးအစလို့ IDEA ဆို

The International Institute for Democracy and Electoral Assistance (IDEA)၏ မြန်မာနိုင်ငံရုံး ဌာနေကိုယ်စားလှယ် Mr.Jorge Valladares နှင့် မဇ္ဈိမတို့ တွေ့ဆုံမေးမြန်းမှုတွင် ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးသည် မျက်ခြေပြတ်မရဘဲ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားရန် လိုသည်ဟု ပြောဆိုခဲ့သည်။

ဒီမိုကရေစီအရေးအတွက် မြန်မာနိုင်ငံအတွင်း အကူအညီပေးနေသည့် IDEA ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ကို မဇ္ဈိမ မြန်မာ့ဒီမိုကရေစီအရေး ပြောင်းလဲရာတွင် လိုအပ်ချက်များ၊ လာမည် ရွေးကောက်ပွဲအပေါ်အမြင်၊ ဘာသာရေး နိုင်ငံရေး ဆက်နွှယ်လှုပ်ရှားမှုများကို မေးမြန်းထားခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်နေပြီလို့ ထင်သလား။

ခက်ခဲကြမ်းတမ်းတဲ့ ခရီးတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေကမှ ဒီမိုကရေစီကို စဖို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက စခဲ့တာပါ။ ဒါပေမယ့် အပြောင်းအလဲ ကာလအတွက် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သား ချမှတ်ရမယ့် ကာလကို တစ်ဖြည်းဖြည်း နီးကပ်လာပါပြီ။ နိုဝင်ဘာ ၈ ရက်နဲ့ အဲဒီနောက်ပိုင်း ကာလတွေဟာ အရေးကြီးတဲ့ အချိန်တွေပါ။ ရွေးကောက်ပွဲက လွတ်လပ်မျှတမှု ရှိသည်မဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆုံးခန်းတိုင်တဲ့အထိ လုပ်ဆောင်သွားရမှာပါ။

ရလဒ်တစ်ခုထွက် ပေါ်လာတဲ့အချိန် မရောက်သေးခင် ရပ်နားပစ်လို့ မဖြစ်ပါဘူး။ အပြောင်းအလဲကနေ ဘာတွေ အားနည်းချက်တွေ ဖြစ်လာမလဲ၊ ဘာတွေ ပိုကောင်းလာမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ဆိုရင်တော့ ရွေးကောက်ပွဲဟာ အပြောင်းအလဲတစ်ခုရဲ့ ခရီးဆုံး မဟုတ်ပါဘူး။ ရေရှည် ပြုပြင်ပြောင်းလဲမှု တစ်ခုရဲ့  ခရီးအစသာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရေးကြီးဆုံး အစိတ်အပိုင်းကို မျက်ခြေပြတ်ထားလို့ မရသလို ရွေးကောက်ပွဲအလွန် ကာလဟာလည်း ဘာဖြစ်မလဲ ဆိုတာလဲ စောင့်ကြည့်ဖို့ လိုပါတယ်။

 

မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီကူးပြောင်းရေးဖြစ်စဉ်မှာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မတူညီတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဘယ်လိုနိုင်ငံမျိုးနဲ့ ဆင်တူမလဲ။

ကျွန်တော်တွေးမိတဲ့ အကြောင်းအရာ တွေထဲမှ လက်ရှိအခြေအနေနဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ ပါဝင်ပါတယ်။ ကျွန်တော်က လက်တင်အမေရိကက ဖြစ်လို့ ချီလီ၊ အာဂျင်တီးနားတို့ အကြောင်းနဲ့ နှိုင်းယှဉ်ပါမယ်။ လက်တင် အမေရိကနိုင်ငံအများစုဟာ ၁၉၈၀ ပြည့်နှစ် ကာလလောက်အထိ စစ်အာဏာရှင် စနစ်တွေကို ကြုံတွေ့ခဲ့ရ ဖူးပါတယ်။ မြန်မာမှာ ဆိုရင်လည်း အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံ အချို့တွေကို ကြည့်နိုင်ပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ စစ်ဘက်အုပ်ချုပ်ရေး စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းရေးဟာ အလွန်ပဲ ရှုပ်ထွေးပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမှုတွေမှာ စစ်တပ်က အဓိက ပါဝင်နေတယ်။ အစိုးရနဲ့ ယှဉ်ပြိုင်ရတဲ့ အတိုက်အခံတွေအနေနဲ့ အခက်အခဲတွေ ပိုပြီးကြုံတွေ့ ရပါတယ်။ အသေးစိတ် ပြောပြဖို့ခက်ပေမယ့် ရွေးကောက်ပွဲ လွန်ကာလမှာ ခင်ဗျားတို့ကိုယ်တိုင် မြင်တွေ့ ရမှာဖြစ်သလို  ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာလည်း ဆက်နွှယ်နေပါတယ်။ စစ်တပ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေပဲဖြစ်ဖြစ်၊ အတိုက်အခံ ပါတီတွေပဲ ဖြစ်ဖြစ် အခြေအနေသစ် တွေအောက်မှာ ပုံစံအသစ်တွေနဲ့ ရင်ဆိုင်ဖြေရှင်းရမှာပါ။

မြန်မာနိုင်ငံရဲ့  အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုးမှုတွေ ပေးနေပါတယ်။ နိုင်ငံရေး အကူအညီတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို ကူညီပေးပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေနဲ့ နိုင်ငံထဲက အခြားအဖွဲ့အစည်းတွေရဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့ရဲ့ IDEA အဖွဲ့အနေနဲ့ မြန်မာပြည်သူတွေအနေနဲ့ သူတို့အနာဂတ်ကို သူတို့ ရွေးချယ်နိုင်အောင် ကူညီပေးပါတယ်။

အတိတ်ကို ပြန်သွားဖို့မဟုတ်ဘဲ အနာဂတ်အတွက် ဘယ်လိုဆောင်ရွက်ဖို့ဆိုတာ ကူညီပေးပါတယ်။ ဒီတော့ မြန်မာနိုင်ငံကို အခြားနိုင်ငံ တစ်ခုခုနဲ့ နှိုင်းယှဉ်ပြပါလို့ ခင်ဗျားက မေးလာရင် စစ်တပ်ရဲ့ အခန်းကဏ္ဍ၊ ပြည်တွင်း မတည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ပြဿနာတွေ အားလုံးအတွက် အဖြေကတော့ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ ဒီအခက်အခဲတွေကို ကျော်လွှားဖို့ အချိန်တော့ ယူရပါဦးမယ်။

 

မဲရုံတွေမှာ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ အထောက်အပံ့တွေက လုံခြုံရေးအတွက် လုံလောက်မှုရှိပြီလား။

ကျွန်တော်တို့ အနေနဲ့ကတော့ လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ အဖွဲ့ ၁၇ ဖွဲ့ရှိပါတယ်။ သူတို့အနေနဲ့ မဲရုံတွေမှာ စောင့်ကြည့်သူ ၁၅၀၀၀ လောက် ထားသွားမယ်လို့ ခန့်မှန်းထားပြီး မဲရုံပေါင်း ၄၃၀၀၀ ရှိမယ်ဆိုရင် သုံးပုံတစ်ပုံလောက် ရှိပါတယ်။ ဒါဟာ နိုင်ငံတကာ စံနှုန်းနဲ့ ဆိုရင်တော့ အတော်ပါပဲ။ ကျွန်တော်ကတော့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူ ၅၀၀ လောက် မျှော်လင့်တယ်။ သူတို့က အတွေ့အကြုံရှိတော့ တစ်နိုင်ငံလုံးကို ခြုံငုံကြည့်နိုင်ပြီး အနှောင်အဖွဲ့ကင်းတဲ့ အထောက်အထား တွေလည်း ရနိုင်မှာပါ။ သူတို့အနေနဲ့ လူဘယ်လိုခွဲပြီး စောင့်ကြည့်မလဲ။ ငြင်းခုန်မှု ပြဿနာတွေဖြစ်လာရင် ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အခုကတည်းက ပြင်ဆင်နေကြပါပြီ။

သူတို့အနေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီး ဘာတွေဘယ်လို ဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေကို တင်ပြနိုင်မှာပါ။ ဒါကြောင့် ရွေးကောက်ပွဲကို ကောင်းကောင်း စောင့်ကြည့်နိုင်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း အတွေ့အကြုံရှိတဲ့ အာဆီယံနိုင်ငံက လေ့လာစောင့်ကြည့်ရေး သမားတွေကိုလည်း ဖိတ်ခေါ် ထားတယ်လို့ သိရပါတယ်။

သံရုံးတွေလို အဖွဲ့အစည်းတွေ၊ အီးယူ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံရုံးတွေကလည်း စောင့်ကြည့်ရေး အတွက် အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲကို ဘယ်လို လုပ်သွားမယ် ဆိုတဲ့အပေါ်မှာ အားလုံးက စောင့်ကြည့်နေကြပါတယ်။

 

ရွေးကောက်ပွဲ အကြိုကာလမှာ မဲဆန္ဒရှင်တွေကို ခြယ်လှယ် ကစားမှုတွေ မရှိအောင် ဘာတွေလုပ်ရမလဲ။

ဥပမာဆိုပါတော့ ကိုယ်စားလှယ်လောင်း တစ်ယောက်ဖြစ်တဲ့ စက်ရုံပိုင်ရှင် တစ်ယောက်က လာဘ်ထိုးခြင်း (ဒါမှမဟုတ်) အခြားနည်းတွေနဲ့ သူ့အလုပ်သမားတွေကို သူတို့ အလုပ်လုပ်နေတဲ့ မဲဆန္ဒနယ်မှာပဲ မဲပေးစေတာ မျိုးပေါ့။ ဥပမာက မဲဆန္ဒရှင် စာရင်းနဲ့ မဲဆန္ဒရှင် စာရင်းကို ဘယ်လို ပြောင်းလဲမလဲဆိုတာနဲ့ ပတ်သက်တယ်။ မဲစာရင်း ဖော်ပြမှုကာလဟာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ပြီးသွားခဲ့ပြီ။ ကျနော်နားလည်တာက ဒါဟာ တကယ့်ကို အားထုတ်မှုကြီးတစ်ခုပါပဲ။

နိုင်ငံအတွင်းမှာရှိတဲ့ ကျေးရွာတွေ၊ ရပ်ကွက်တွေအထိ နေရာပေါင်း ၁၇၀၀၀မှာ မဲစာရင်းကို အနည်းနဲ့ အများ ဖော်ပြခဲ့ပါတယ်။ PACE ရဲ့ အစီရင်ခံစာကို ကျနော် ဖတ်နေခဲ့ပါတယ်။ အဲဒီအထဲမှာ သူတို့က ဖြစ်ပျက်သမျှကို စနစ်တကျ လေ့လာဆန်းစစ် ခဲ့တယ်လို့ သူတို့က ထင်နေတယ်။ မဲစာရင်း ပြင်ဆင်တဲ့နေရာမှာ International IDEA မပါဘူး ဆိုပေမယ့်လည်း ကျနော်တို့ မဲဆန္ဒရှင် ပညာပေးရေးကို အာရုံစိုက် လုပ်ဆောင်ခဲ့ပြီး ဒါတွေအားလုံးကို လွှွမ်းခြုံနိုင်လောက်အောင် လုံလုံလောက်လောက် သန်မာအားကောင်းတဲ့ အချက်အလက်တွေကို စုစည်းနိုင်စွမ်းရှိတဲ့ အိုင်တီ အဖွဲ့တစ်ဖွဲ့ ထူထောင်ဖို့ကိုလည်း အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။ 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အထောက်အပံ့နဲ့ မတူခြားနားတဲ့ ပြည်သူလူထုတွေ ဖြည့်သွင်းနိုင်ဖို့အတွက် မတူခြားနားတဲ့ပုံစံ သန်း၃၀ကို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ နောက်ထပ် ကြိုးစားမှုတစ်ခုကတော့ နိုင်ငံသားတွေကိုယ်တိုင် ပါဝင်ပတ်သက်လာဖို့ပါ။ International IDEA က ပြည်သူထူထုတွေကို ခေါ်ပြီး နိုင်ငံပိုင် ရုပ်သံမှာ ဘာသာစကား ၈မျိုးနဲ့ ထုတ်လွှင့်နေခဲ့တဲ့ ရေဒီယို အစီအစဉ်တွေမှာ ပါဝင်လာစေဖို့ ကြိုးစားမှုတွေကို ထောက်ခံခဲ့ပါတယ်။

PACEရဲ့ အစီရင်ခံစာကို ဖတ်ပြီး ကျနော်စဉ်းစားမိတာက လူတွေကို စစ်ဆေးဖို့ တိုက်တွန်း အားပေးနေတဲ့ ကြိုးစားမှုနဲ့ နှိုင်းယှဉ်ရင် လူထုတွေ အမှန်တကယ် မဲစာရင်း သွားရောက် စစ်ဆေးကြည့်ရှုတဲ့နှုန်းက နိမ့်နေသေးတယ်။ ဒါပေမယ့်လည်း ၁၄ရက် စစ်ဆေးမှုကာလမှာ မဲစာရင်း အချက်အလက်တွေ တိုးတက်လာခဲ့တယ် ဆိုရင်တောင်မှ စာရင်းမှာပါဝင်တဲ့ မဲဆန္ဒရှင် အရေအတွက် အနေနဲ့ပဲ နီးစပ်မှုရှိမယ်။ အနည်းနှင့်အများ ထည့်သွင်း စဉ်းစားရတဲ့ ၁၈နှစ် (သို့မဟုတ်) ၁၈နှစ်နှင့်အထက် လူဦးရေ ခန့်မှန်းချက်တွေကို လူကို ရေတွက်ခြင်းမျှသာ ဖြစ်သောကြောင့် အချက်အလက်အညွှန်းဖြစ်တဲ့ သန်းခေါင်စာရင်း အပေါ်မှာသာ အခြေခံထား ရပါတယ်။

ဒါပေမယ့် မဲစာရင်း ဆိုတာကတော့ လူကို ရေတွက်ရုံမျှသာ မဟုတ်ဘဲ ခွဲခြား သတ်မှတ်ခြင်းလည်း ပါဝင်တာကြောင့် ပိုပြီးကြီးမားပါတယ်။ မဲစာရင်း အရည်အသွေး တိုးတက် ကောင်းမွန်လာဖို့ဆိုရင် ပိုပြီးတော့တောင် အင်အား စိုက်ထုတ်ရမယ်လို့ ကျနော် နားလည်ထားပါတယ်။ မူလအရင်းမြစ်က လက်နဲ့ရေးထားတဲ့ အိမ်ထောင်စုစာရင်းနဲ့ ဧည့်စာရင်းတွေ၊ အခြား စနစ်တကျ စုထားတာ မဟုတ်တဲ့ စာရင်းအမျိုးအစားတွေ ဖြစ်တယ်ဆိုတဲ့ အဆက်အစပ်အတွင်းမှာ မဲစာရင်းကို ပြုစု ရတာပဲဖြစ်ပါတယ်။    

မဲစာရင်းကို နောက်ဆုံးရ အချက်အလက်တွေ ဖြည့်စွက် ပြင်ဆင်ရတာကလည်း မနားမနေ လုပ်ရတဲ့ ကာလပါပဲ။ ဒါပေမယ့်လည်း ကျနော်က နိုင်ငံတစ်နိုင်ငံက လာတယ်။ ပီရူးက လာတယ်။ မဲဆန္ဒရှင်စာရင်းက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းကအတိုင်းပဲ ရှိနေတယ်ဆိုပါတော့။ လူတိုင်းက မိမိတို့နေရပ်မှာ မရှိတော့ဘူးဆိုတော့ မဲကစားမှု လိမ်လည်မှု ဖြစ်နိုင်ပါတယ်။ မဲစာရင်းရဲ့ အရည်အသွေး တိုးတက်လာဖို့ ကျနော်တို့အားလုံးက အစွမ်းကုန်ကြိုးစားဖို့ လိုအပ်လာပါတယ်။ ဒါက သက္ကရာဇ် ၂၀၀၀ တုန်းက ဖြစ်ရပ်ပါ။ အခု ၁၅နှစ်ကြာ လာပြီးတဲ့အခါမှာလည်း တစ်ယောက်ယောက်က ပြောင်းရွှေ့သွားပြီးတဲ့အခါမှ မဲစာရင်းကို ဖြည့်စွက်ပြင်ဆင်နိုင်တာဆိုတော့ အမှားအယွင်းတစ်ချို့တော့ ရှိနေတုန်းပါပဲ။

ဒါပေမယ့် ဒီလိုအားထုတ်မှုက ရလာတဲ့ အဓိက သင်္ခန်းစာကတော့ မဲစာရင်းပြီးသွားတဲ့အခါမှာ ကျနော်တို့ အများကြီး လုပ်ခဲ့ပြီး၊ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် လူ ၃၃သန်းရဲ့ သတင်း အချက်အလက် ဒေတာဘေစ်ရှိလာလို့ အများကြီးလည်း တိုးတက်လာခဲ့ပါတယ်။ ဒါဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မဲစာရင်းကို ကိုယ်တိုင်လာရောက် ထည့်သွင်းကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေအတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပါပဲ။

ဒါပေမယ့် ဒီအားထုတ်မှုကို မရပ်တန့်သင့်ပါဘူး။ ဒီမှတ်တမ်းမှတ်ရာ အချက်အလက်တွေကို ကျန်တဲ့ အသွင်ကူးပြောင်းမှု ကာလအတွက်လည်း အသုံးချသင့်ပြီး၊ ရွေးကောက်ပွဲတွေ အတွက်ချည်း မဟုတ်ဘဲ ခေတ်မီတဲ့ မဲဆန္ဒစာရင်း ရှိထားဖို့ ပုံမှန် ဖြည့်စွက် ပြင်ဆင်တာတွေ အာရုံစိုက် လုပ်ဆောင် သွားသင့်ပါတယ်။ 

 

မ.ဘ.သလို အစိုးရမဟုတ်တဲ့ အုပ်စုတွေက လူမျိုးရေး၊ ဘာသာရေး စည်းရုံးလှုံ့ဆော်မှုတွေပေါ် အခြေခံပြီး မဲဆန္ဒရှင်တွေရဲ့  ဆုံးဖြတ်ချက်တွေကို သြဇာသုံး ခြယ်လှယ်ခြင်းမရှိအောင် အစိုးရက ဘာတွေ လုပ်ပေးနိုင်သလဲ။

အပြင်လူတစ်ယောက်အနေနဲ့ ကျနော့်အမြင်ကို ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက နိုင်ငံရေးနဲ့ ဘာသာရေးကို ပြတ်ပြတ်သားသား ပိုင်းခြားထားပြီးသားပါ။ ဥပဒေအမြင်နဲ့ ကြည့်ရင် တာဝန် ဝတ္တရားအများစုဟာ နိုင်ငံရေးသမားတွေနဲ့ ပါတီတွေကို ရည်ညွှန်းပါတယ်။ ပါတီတွေ ဘာသာရေး နေရာတွေသွားတာ၊ ဘာသာရေးနဲ့ ပတ်သက်တွေ စကားတွေ ပြောတာ၊ ဘာသာရေး အဖွဲ့အစည်းတွေဆီက ထောက်ပံ့ငွေယူတာတွေကို တားမြစ်ထားတာတွေ ရှိပါတယ်။

နိုင်ငံရေး နယ်ပယ်ပြင်ပကလူတွေ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေမှာ ကြားဝင် စွက်ဖက်ဖို့ ကြိုးစားတာနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ ဥပဒေမူဘောင်တွေက တင်းကျပ်ထားခြင်း ရှိမရှိဆိုတာ ကျနော် အသေအချာ မသိပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သူတို့ ရှိနေရမယ့် နေရာကို အခိုင်အမာ ပြောရတော့မယ့် အချိန် ရောက်လာလိမ့်မယ်လို့ ကျနော်သိနေပါတယ်။ ဒါပေမယ့်လည်း ဘာသာရေးမှ ပိုင်းကန့်ခွဲခြားပြီး နိုင်ငံရေးကို နိုင်ငံရေးအနေနဲ့ပဲ ရှိစေချင်တဲ့ အချက်ကို ပါတီတွေက ပိုပိုပြီး ရပ်ခံကာကွယ် လာနေကြတာကို တွေ့လာနေရပါတယ်။

ပွင့်လင်းတဲ့ နိုင်ငံရေးစနစ် တစ်ရပ် ပေါ်ထွန်းလာဖို့ အတွက်ချည်းမဟုတ်ဘဲ တိုင်းပြည်ကို ဆင်းရဲတွင်းထဲက ဆွဲထုတ်ပြီး၊ အလုပ်အခွင့်အလမ်းတွေ ဘယ်လိုဖန်တီးပေးရမယ့် အရေးကြီးတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရလို့ နိုင်ငံရဲ့ ဝိသေသလက္ခဏာ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အခြား ပြဿနာတွေအပေါ် အာရုံကျ ရောက်နေတာဟာ မဖြစ်သင့်တဲ့ အခြေအနေမှာ နိုင်ငံရေးနဲ့ ဘာသာရေးကို ဘယ်ရွေ့ဘယ်မျှ၊ ဘယ်လောက်အထိ ပိုင်းခြားခွဲကန့် ထားလိုတယ် ဆိုတာကတော့ မြန်မာအာဏာပိုင်တွေ၊ နိုင်ငံရေးသမားတွေ ဆုံးဖြတ်ရမယ်လို့ ကျနော်ထင်ပါတယ်။

ကျနော် ဖတ်မိသိရှိထားသလောက် နိုင်ငံရေးပါတီအချို့ဟာ နိုင်ငံပိုင် မီဒီယာကို အသုံးချပြီး ဒီအချက်ကို ထောက်ပြဖို့ ကြိုးစားနေတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ရဲ့ မဲဆွယ်ပွဲတွေမှာ ဘယ်နိုင်ငံရေး သမားကမှ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေကို ထည့်သွင်းပြောဆိုတာမျိုး မြင်လည်းမမြင်၊ ကြားလည်း မကြားဖူးပါဘူး။ ဒါကြောင့် ကျနော့်အထင် ပြောရရင် ဒါက မဲဆွဲပွဲ အပြင်ပမှာ ဖြစ်ပျက်နေတယ် ဆိုပေမယ့်လည်း ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တရားဟောတဲ့ ပုံစံကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။

ဒါ့ကြောင့် မဲဆွယ်ကာလအတွင်းမှာ ဒီလိုအာရုံတိမ်းပါးစေတဲ့ အားထုတ်မှုတွေ ရပ်တန့် ရမှာဖြစ်သလို၊ ပါတီတွေ ကိုယ်တိုင်ကလည်း အတူတကွလက်တွဲပြီး လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်မယ့်အရာနဲ့ အလုပ်အကိုင်၊ ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေး ပြောင်းလဲမှုလို အများစု ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်မယ့်အရာတွေကို ခွဲခြားပြနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

 

ပြည်ထောင်စ ုရွေးကောက်ပွဲ ကော်မရှင်ဟာ နောက်၅နှစ်မှာ သူ့ကိုယ်သူ တိုးတက် လာစေဖို့အတွက် ဒီအတွေ့အကြုံကနေပြီး အများကြီး သင်ယူခဲ့ပြီးပြီလား။

မြင်ခဲ့ရပြီးပြီလို့ပဲ ပြောရမှာပါ။ ဒီနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ တိုတောင်းတဲ့ အချိန်ကလေးအတွင်းမှာ အတိတ်က ရွေးကောက်ပွဲတွေကို ကျနော်သိခဲ့သမျှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပရော်ဖက်ရှင်နယ် အဆင့်ဟာ မှန်မှန်ကြီး တိုးတက်နေပါတယ်။ ဒီရွေးကောက်ပွဲတွေကို အလားတူအတိုင်း ကျင်းပသွားမယ်ဆိုရင်၊ တိုးတက်မှုတချို့နဲ့အတူ ကော်မရှင်အပေါ် လူထု ယုံကြည်မှု တိုးလာတာကို မြင်တွေ့ရဖွယ်ရှိနေပြီး လူထုတွေက ယုံကြည်နိုင်တဲ့ အင်စတီကျူးရှင်းတွေ ရှိလာတာဟာ အလွန်အရေးကြီးတဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။

 

နောက်နှစ်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဘယ်သူလုပ်မှာလဲ။

အာဂျင်ဒါတစ်စုံတစ်ရာမရှိဘဲ ပါလာတဲ့ ပါတီတွေလည်း ရှိလာမှာပါပဲ။ ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံအပေါ်မှာ အခြေခံတဲ့ အဆိုပြုချက်တွေကို စားပွဲဝိုင်းဆီ ဆောင်ကျဉ်းလာဖို့ သူတို့ရဲ့ စွမ်းရည်နဲ့ ယုံကြည်မှုကို ကြီးထွားစေခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ကော်မရှင်ရဲ့ ကော်မရှင်နာတွေဟာ လုပ်ငန်း တာဝန်အပေါ် စွဲမြဲတဲ့ သန္နိဌာန်ကို ပြသခဲ့ပြီဖြစ်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို အနာဂတ် ပိုမိုခိုင်မာ အားကောင်းတဲ့ အင်စတီကျူးရှင်းတစ်ခု ထူထောင်ရာမှာ အသုံးပြုသွားမယ်လိုူ့ မျှော်လင့်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly