မြန်မာ ယူ-၁၉ အသင်းခြေစွမ်းမှာ ခြေစစ်ပွဲအောင်ရန် ထိုက်တန်မှု မရှိ ဟု ဂတ်ဇီဆီ ၀န်ခံ

မြန်မာ ယူ-၁၉ အသင်းခြေစွမ်းမှာ ခြေစစ်ပွဲအောင်ရန် ထိုက်တန်မှု မရှိ ဟု ဂတ်ဇီဆီ ၀န်ခံ
ဗီယက်နမ်နှင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် မြန်မာ ယူ-၁၉ ကစားသမားများအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

အောက်တိုဘာ ၇၊ ရန်ကုန်။         ။ ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းခြေစွမ်းမှာ ခြေစစ်ပွဲအောင်ရန် ထိုက်တန်သည့် ခြေစွမ်းမျိုး မရှိဟု မြန်မာနည်းပြ ဂတ်ဇီဆီ ဖရိုင်းဒရစ်က ဗီယက်နမ်အသင်းကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) တွင် ဘရူနိုင်း၊ ဟောင်ကောင် အသင်းတို့ကို အနိုင်ရပြီး တီမောအသင်းကို သရေကျကာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းကို အနိုင်ရလျှင် နောက်တဆင့်သို့ တက်ရောက်နိုင်သော်လည်း ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ခြေစစ်ပွဲအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

“ ဗီယက်နမ်အသင်းက ကစားသမားတွေက ကျွန်တော်တို့ အသင်းထက် ပိုကောင်းပါတယ်။ ကြားမှာ အဆင့်တစ်ခုလောက်ကွာနေပါတယ်။ သူတို့ အသင်းအနေနဲ့ ခြေစစ်ပွဲအောင်ဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့တော့ ခြေစစ်ပွဲအောင်ဖို့ မထိုက်တန်ပါဘူး။ ဒီအရှုံးအတွက်တော့ သူတာဝန်ခံပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ ချို့တဲ့ တဲ့ ဘောလုံးပညာအခြေခံကိုတော့ သူတာဝန်မယူနိုင်ပါဘူး။ ဗီယက်နမ်နဲ့ ထိုင်းဆိုတာ ဘောလုံးပညာနဲ့ ထောက်ပံ့မှုပိုင်း အရမ်းသာနေတဲ့အတွက် သူတို့ကို မီဖို့ တော်တော်ကြိုးစားရပါဦးမယ် ” ဟု ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် လက်ရှိနည်းပြ ဂတ်ဇီဆီ ဖရိုင်းဒရစ် လက်ထက်တွင် မြန်မာနေရှင်နယ်လိဂ်နှင့် အကယ်ဒမီမှ လူငယ်ကစားများ ရောစပ်၍ အသစ်ပြန်လည် ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၅ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၌ အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသလို အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်လည်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly