ကျောက်တောင်ပြိုကျမှုကြောင့် ကျောက်ထုတ်လုပ်ရေးလုပ်သားနှစ်ဦး သေဆုံး၊ တစ်ဦး စိုးရိမ်ရ

ကျောက်တောင်ပြိုကျမှုကြောင့် ကျောက်ထုတ်လုပ်ရေးလုပ်သားနှစ်ဦး သေဆုံး၊ တစ်ဦး စိုးရိမ်ရ
ဓာတ်ပုံ- အဓိပတိ(အုန်းချော)

မန္တလေး(မေလ ၂၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအတွင်းရှိ ဂျပန်လျှိုတောင် ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွင်  မေလ ၂၆ ရက်၊ နံနက် ၈နာရီက ကျောက်တောင်ပြိုကျမှုကြောင့် ကျောက်တုံးများပိကာ အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် လုပ်သားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ပြိုကျထားသည့် ကျောက်ပုံများအောင်တွင် အခြားလုပ်သားများ ရှိ၊ မရှိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု အုန်းချောနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ် သန်းကိုကိုက ပြောသည်။

"ကျောက်တင်နေရင်းနဲ့ အပေါ်ကကျောက်တောင်ပြိုကျတာပါ။ နှစ်ဦးသေပါတယ်။ တစ်ဦးက စိုးရိမ်ရတယ်။ ဒဏ်ရာက ပြင်းတယ်။ တစ်ဦးကတော့ သိပ်မစိုးရိမ်ရပါဘူး" ဟု ၎င်းက ဆိုသည်။

ကျောက်တုံးများပြိုကျသည့် ဂျပန်လျှိုတောင်တွင် ဆောက်လုပ်ရေးသုံးကျောက်နှင့် လမ်းခင်းကျောက် ထုတ်လုပ်နေသည့် လုပ်ကွက်ပေါင်း ၅ဝနီးပါး ရှိနေပြီး ကျောက်ထုတ်လုပ်သားဦးရေ ၁ဝဝခန့် ရှိသည်။

“ဒီလိုပြိုတာကတော့ မကြာခန ဖြစ်တတ်ပါတယ်။ သတိထားလုပ်ကြရတာပါပဲ။ အခုလို အသက်သေဆုံးမှုတွေဖြစ်တော့ စိတ်မကောင်းဘူး။ ပြိုမှ သိတာပဲ။ ကျွန်တော့လုပ်ကွက်နဲ့တော့ နီးတယ်။ ဒီနေ့ရော၊ မနက်ဖြန်ရော ကျောက်ထုတ်တာ နားထားဦးမယ်” ဟု ကျောက်ထုတ်လုပ်ရေးတာဝန်ခံ ဦးမြင့်ဆွေက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် အုန်းချောနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ် ၇/၂၀၁၉ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly