ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံဝန်းအတွင်း ပျက်စီးခဲ့သည်ဟုဆိုကာ စက်ရုံဘက်မှ အမှုဖွင့်

ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံဝန်းအတွင်း ပျက်စီးခဲ့သည်ဟုဆိုကာ စက်ရုံဘက်မှ အမှုဖွင့်
မေ ၁၅ ရက်က ဆန္ဒပြမှု ဖြစ်ပွားနေသည်ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ

ရန်ကုန်၊ မေလ ၂၆ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာရှိ ကျောက်မီးသွေးသုံး အယ်လ်ဖာ ဘိလပ်မြေ စက်ရုံတည်ဆောက်ရေးဝန်းအတွင်း ဆန္ဒဖော်ထုတ်သူ လူစုလူဝေးက ချိုးဖျက်ဝင်ရောက်ခဲ့ရာ ကျပ်သိန်း ၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟုဆိုကာ ပုဒ်မ ၄ ခုဖြင့် စက်ရုံဘက်မှ အမှုဖွင့်လိုက်သည်။

ပုသိမ်ကြီးမြို့မရဲစခန်းတွင် (ပ)၂၅၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၄၃၆/၄၄၀/၃၃၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဘိလပ်မြေစက်ရုံတည်ဆောက်ရေးဝန်းအတွင်းသို့ မေလ ၁၅ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် ဆန္ဒဖော်ထုတ်သူ လူစုလူဝေးက အတင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ လေးခွ၊ ကျောက်ခဲ၊ တုတ်များဖြင့် ပစ်ခတ်ရိုက်ခွဲ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၆၄ဝ (၆၄၄၅၀၀၀၀) ရှိသဖြင့် ယခုကဲ့သို့ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းလည်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနဦးစုံစမ်းချက်များအရ မေလ ၁၅ ရက်နေ့၊ နံနက်က အောင်သပြေကျေးရွာနေ ခွေးကို (ခ)ရှိုင်းကို၊ ထွန်းနိုင်၊ ဝင်းဇော်လတ်၊ တူးဝေယံ (ခ)ဂျစ်တူးတို့ပါ ကျေးရွာသား/သူအချို့သည် စက်ရုံအတွင်းသို့ ဝင်ရောက်ပြီး စက်ရုံအတွင်းရှိ အဆောက်အဦများ၊ မော်တော်ကားများအား မီးရှို့ဖျက်ဆီးခြင်း၊ လေးခွ၊ ကျောက်ခဲများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။


ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ရဲမှ ဖော်ထုတ်ဖမ်းဆီးခဲ့ရာတွင် မြင့်ခိုင်၊ ဘခက် ၊ ဖိုးမာဆိုသူတို့အား ဖမ်းဆီးရမိခဲ့ပြီး မေ ၂၄ ရက်နေ့ နံနက်တွင် အောင်သပြေကျေးရွာနေထိုင်သူဖြစ်သည့် ကျပန်းလုပ်ကိုင်သူ တူးဝေယံ(ခ)ဂျစ်တူး ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

စက်ရုံဝန်းအတွင်းရှိ လုံခြုံရေးဆိုင်ရာ CCTV မှတ်တမ်းများ၊ သက်သေများထွက်ဆိုချက်၊ ဖမ်းဆီးထားသူ တူးဝေယံ(ခ)ဂျစ်တူး၏ ဝန်ခံထွက်ဆိုချက်များအရ အခင်းဖြစ်စဉ်က ၎င်းသည် အခြားသူများနှင့်အတူ စက်ရုံဝန်းအတွင်းဝင်ရောက်ခဲ့ပြီး ဓာတ်ဆီပုလင်းဖြင့်ပစ်ပေါက်ခြင်း၊ ဝါးတုတ်ဖြင့် အဆောက်အဦ၏ အောက်ထပ်မှန် တံခါးအား ရိုက်ခွဲခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်းစိစစ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့မှ လွတ်မြောက်နေသည့်  ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီး၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်နေသည့် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံး လွှတ်ပေးရန် အတွက် မေလ ၁၅ရက် နံနက်ပိုင်းက အောင်သပြေကျေးရွာမှ ရွာသူရွာသားများက ကျေးရွာအဝင်လမ်းကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly