မူးယစ်ဆေးဖမ်းရာတွင် ရန်ပြုသဖြင့် သတိပေးပစ်ခတ်ရာ ကျည်ဒဏ်ရာနှစ်ချက်ဖြင့် တစ်ဦးသေဆုံး

မူးယစ်ဆေးဖမ်းရာတွင် ရန်ပြုသဖြင့် သတိပေးပစ်ခတ်ရာ ကျည်ဒဏ်ရာနှစ်ချက်ဖြင့် တစ်ဦးသေဆုံး

ရန်ကုန်၊ မေလ ၂၆ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ (၃/ခ)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ဝင်ဖမ်းဆီးရာ ဓားရှည်များဖြင့် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် သတိပေးပစ်ခတ်ခဲ့ရာ ကျည် ဒဏ်ရာနှစ်ချက်ဖြင့် တစ်ဦးသေဆုံးခဲ့သည်။

သေဆုံးခဲ့သူမှာ အသက် ၂၀ အရွယ် လင်းမာန်ဦးဆိုသူဖြစ်ပြီး ဖခင် ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေးဆိုသူက ဒဏ်ရာ ရရှိခဲ့ကြောင်း မေ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့မှ မူးယစ်သတင်းအရ မေလ ၂၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီပတ်ဝန်းကျင်တွင် အဆိုပါနေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ခံတံခါးဖွင့်မပေးသောကြောင့် ကျော်နင်းဝင်ရောက်စဉ် အိမ်ရှင်ဖြစ်သူ ဦးဖိုးလမ်း (ခ) ဝင်းမင်းထွေးနှင့် ၎င်း၏ သားဖြစ်သူ လင်းမာန်ဦးတို့က ဓားရှည်များကိုယ်စီ ကိုင်ဆောင်၍ပြန်လည်ရန်ပြုသဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် သတိပေးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေးတွင် ယာလက်မောင်း၊ ပေါင်တွင် ကျည်ဖောက် ဝင်ဒဏ်ရာ ရရှိခဲ့ပြီး လင်းမာန်ဦးတွင် ယာနို့အုံ အထက်၊ ဝဲနောက်ကျော နံရိုးအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိပြီး သေဆုံးခဲ့သဖြင့် အင်းစိန် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသည့် အသက် ၁၉ နှစ်အရွယ် ကျော်နန္ဒကို တွေ့ရှိခဲ့ပြီး စိတ်ကြွဆေးပြား ၅၆ ပြား၊ ဓါးရှည်မျိုးစုံ ၁၀ ချောင်း၊ သံလက်သီးစွပ် ၂ ခု၊ လှံ ၁ ချောင်း၊ လေပစ္စတိုသေနတ် ၁ လက်၊ သံ/ကော်ဘောစေ့ ၈၇ လုံး၊ သံတုတ် ၂ ချောင်း တို့ကို အိမ်အတွင်း သိမ်းဆည်း ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိတွင် အဆိုပါ မူးယစ်ဆေးဝါးများနှင့် လက်နက်များဖမ်းဆီးရမိခဲ့သည့်အတွက် ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေး ပါ ၃ ဦးအား မမစ(မင်္ဂလာဒုံ)၌ အမှုအသီးသီးရေးဖွင့်ပြီး စစ်ဆေးနေကာ မူးယစ်ဆေးဝါး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေးအတွက်လည်း စုံစမ်းရှာဖွေနေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly