လူဦးရေ (၁.၄) ဘီလီယံရှိပေမယ့် ရုန်းကန်နေရဆဲဖြစ်တဲ့ တရုတ်အမျိုးသမီးဘောလုံးလောက

လူဦးရေ (၁.၄) ဘီလီယံရှိပေမယ့် ရုန်းကန်နေရဆဲဖြစ်တဲ့ တရုတ်အမျိုးသမီးဘောလုံးလောက
Photos: AFP

တရုတ်အမျိုးသမီးလက်ရွေးစင်အသင်းဟာ လာမယ့်လမှာ ကျင်းပမယ့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ (၈)ကြိမ်မှာ (၇)ကြိမ်အထိ ဝင်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် လူဦးရေ (၁.၄)ဘီလီယံရှိတဲ့ တရုတ်နိုင်ငံမှာ တစ်ချို့မိသားစုတွေက မိန်းကလေးဆိုတာ ပီယာနို ဒါမှမဟုတ် အက သင်ကြားနေသင့်တယ်ဆိုတဲ့ ခံစားမှုမျိုးရှိတာကြောင့် နိုင်ငံဟာ အားကစားမှာ မိန်းကလေးတွေကို ခေါ်ယူရှာဖွေဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

တရုတ်အမျိုးသမီးအသင်းဟာ ဖီဖာအမျိုးသမီးဘောလုံး အဆင့်သတ်မှတ်ချက်မှာ အဆင့် (၁၆) နေရာရှိပြီး အမျိုးသားအသင်းက ကမ္ဘာ့အဆင့် (၇၄)နေရာမှာ ရပ်တည်ခဲ့တာကြောင့် အမျိုးသမီးအသင်းက ပိုပြီး အောင်မြင်တယ်လို့ ဆိုရမှာပါ။
 
တရုတ်အမျိုးသားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကြိမ်သာ တက်ရောက်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ရဂိုးမရှိ၊ ရမှတ်မရှိနဲ့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ကမ္ဘာ့ဖလားဆုတ်ခူးနိုင်ဖို့အပါအဝင် တရုတ်ဘောလုံးလောကအတွက် ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်ရှိပါတယ်။

အသက် ၁၁ နှစ်အရွယ် လျူချန်ဆိုတဲ့ မိန်ကလေးရဲ့ အဖွားက သူ့မြေးကို ဘောလုံးကစားဖို့ ဘယ်တော့မှ မလိုလားခဲ့ပါဘူး။ ဒါ့ကြောင့် လျူချန်ရဲ့ အဖေက သူမအဖွား မသိတဲ့အချိန်တွေမှာ သူမကို အိမ်အပြင် ခိုးထွက်စေပါတယ်။

"တရုတ်နိုင်ငံမှာ လူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘောလုံးကိုတော့ လူအများအပြားက မကစားကြပါဘူး။"လို့ ရှန်ဟိုင်းမြို့က မိန်ကလေး ဘောလုံးသမားတွေ တိုးတက်ဖွံ့ဖြိုးဖို့အတွက် လုပ်ဆောင်ရာမှာ ကျော်ကြားသူ ချီယန်းဝေးက ပြောပါတယ်။

"အသင်းကို ပူးပေါင်းဖို့ ကျနော်တို့ ရွေးချယ်လိုက်တဲ့ လူတွေဟာ သေချာပေါက် အကောင်းဆုံးမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အကောင်းဆုံးဆိုသူတွေက အမြဲတမ်း ရွေးချယ်ခံဖြစ်လာဖို့ မလိုလားကြပါဘူး။ ဒါ့ကြောင့် ကျနော်တို့ အတော်လေး ခက်ခဲတယ်လို့ ခံစားရပါတယ်။"လို့ မိန်းကလေး ဘောလုံ့းသမားတွေကို အထူးပြုသင်ကြားပေးတဲ့ Jinshajiang Road Elementary School မှာ နည်းပြအဖြစ် ကြီးကြပ်သူ ချီယန်းက ပြောပါတယ်။

ချီယန်းနဲ့ သူမနည်းပြအဖွဲ့ဝင်တွေအောက်မှာ တပတ်မှာ ၅ ရက်ထိ လေ့ကျင့်သင်ကြားနေတဲ့ အသက် (၇)နှစ်ကနေ (၁၈) နှစ်အရွယ် မိန်းကလေး အယောက် (၁၀၀)ကျော်ထဲက ဘယ်တောင်ပံမှာ ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်သူ လျူဟာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ပြိုင်ပွဲတွေက စနေနေ့တွေမှာ ယှဉ်ပြိုင်ကစားကြပါတယ်။

လျူက သူမဟာ အားကစားထဲကို ဝင်ရောက်လာရခြင်း အကြောင်းအရင်းတစ်ခုသာ ရှိတယ်လို့ ပြောပါတယ်။ အဲဒါကတော့ ဘောလုံးကို အရူးအမူးဖြစ်တဲ့ သူမဖခင်က သူဘယ်တော့မှ ဆန္ဒမပြည့်ဝခဲ့တဲ့ အိပ်မက်ကို နားလည်သဘောပေါက်စေလိုတာကြောင့်လို့ ဆိုပါတယ်။

သားမရှိတဲ့ ဖခင်ဟာ လျူပေါ်ပုံကျလာတဲ့ သဘောပါ။

"ကျမ ပထမဦးဆုံးအကြိမ်မှာ ဘောလုံးကို မကစားချင်ခဲ့ပါဘူး။ ဒါပေမယ့် အဖက ဒီနေရာကို အရောက်ပို့ခဲ့ပါတယ်။"သူမက ပြောပါတယ်။

"ကျမအဖွားက မိန်းကလေးတွေဟာ ဘောလုံးမကစားသင့်ပဲ ကခုန်တာ၊ ပီယာနိုတီးတာတွေသာ လုပ်သင့်တယ်လို့ အမြဲပြောလေ့ရှိပါတယ်။

"ကျမအဖွား အလုပ်လုပ်ဖို့ တစ်နေရာရာကို ထွက်သွားတာပဲဖြစ်ဖြစ်ပေါ့ အဲဒီမှာ အချိန်တစ်ခုတော့ ရှိပါတယ်။ ကျမအဖေက အဖွားမမြင်လိုက်ချိန်မှာ ကျမကို ဒီနေရာ ပို့လိုက်တယ်။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly