ထိပ်သီးဆွေးနွေးပွဲ မစခင် ဒေါ်နယ်ထရမ့်နှင့် ရှင်ဇိုအာဘေးတို့ အတူတကွ ဂေါက်ရိုက် ကစား

ထိပ်သီးဆွေးနွေးပွဲ မစခင် ဒေါ်နယ်ထရမ့်နှင့် ရှင်ဇိုအာဘေးတို့ အတူတကွ ဂေါက်ရိုက် ကစား

မေ ၂၆ ။                  ။ ဂျပန်နိုင်ငံမှာ တရားဝင် ခရီးစဉ် ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့အကြား ထိပ်သီးဆွေးနွေးပွဲကို မစတင်ခင် မေလ ၂၆ ရက်မှာတော့ နှစ်ဦးသား အတူတကွ အေးအေးလူလူ အပန်းဖြေရင်း ဂေါက်ရိုက် ကစားလျက် ရှိပါတယ်။

မြို့တော် တိုကျို ပြင်ပ ချီဘာစီရင်စုရှိ မိုဘာရာ ဂေါက်ကွင်းမှာ  အဆိုပါ အမေရိကန်နဲ့ ဂျပန် ခေါင်းဆောင်နှစ်ဦးတို့ ဂေါက်ရိုက်ကစားဖို့ အတူတကွ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

ဒါပြီးရင်တော့ ထရမ့်နဲ့ အာဘေးတို့ နှစ်ဦး ဆွေးနွေးပွဲ ပြုလုပ်သွားဖို့ ရှိနေပြီး ကုန်သွယ်မှု နဲ့ မြောက်ကိုရီးယား အရေးတို့လို အရေးကြီးကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားကြဖွယ် ရှိနေပါတယ်။

ဒီမတိုင်ခင် မေလ ၂၆ ရက်အစောပိုင်းတုန်းကတော့ ထရမ့်က မြောက်ကိုရီးယားနဲ့အကြား တင်းမာမှုတွေကို ဖြေလျော့စေလိုပုံရတဲ့ ရေးသားချက်တွေကို တွစ်တာကနေတဆင့် ထုတ်ဖော်ထားခဲ့ပါသေးတယ်။

ထရမ့်က ၎င်းအနေနဲ့ လက်ရှိအချိန်ထိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းအပေါ်မှာ ဆက်လက်ယုံကြည်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ  တစ်စုံတစ်ရာ သဘောတူညီချက် တစ်ခုမှ မရဘဲ ပြီးဆုံးသွားခဲ့တဲ့ ဖေဖော်ဝါရီလ ဟနွိုင်း  ထိပ်သီးအစည်းအဝေး နောက်ပိုင်း ဒုံးကျည် စမ်းသပ်မှု နှစ်ကြိမ်အထိ ပြုလုပ်ထားခဲ့တဲ့ မြောက်ကိုရီးယားနဲ့အကြား တင်းမာမှုတွေကို ပြေလျော့စေဖို့ ထရမ့်ဘက်က ရည်ရွယ်ပုံလည်း ရပါတယ်။

မြောက်ကိုရီးယားတို့ စမ်းသပ်ထားတဲ့ ဒုံးလက်နက်တွေဟာ အသေးစား လက်နက်တစ်ချို့သာ ဖြစ်ပြီး ဒီစမ်းသပ်မှုှုတွေက သူ့အတွက်တော့ အနှောင့်အယှက်မဖြစ်စေဘူးလို့ ထရမ့်က ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly