ကျပ်သိန်းတစ်ထောင် ဝန်းကျင် အကုန်ကျခံလုပ်ဆောင်ထားသော နောက်ဖေးလမ်းကြား

ကျပ်သိန်းတစ်ထောင် ဝန်းကျင် အကုန်ကျခံလုပ်ဆောင်ထားသော နောက်ဖေးလမ်းကြား
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေလ ၂၅ ။          ။ စွန့်ပစ်အမှိုက်များဖြင့် ပြည့်နှက်နေသည့် ရန်ကုန်မြို့ရှိနောက်ဖေးလမ်းကြားများအနက်တစ်ခုဖြစ်သော ပန်းဘဲတန်းမြို့နယ်၊ လမ်း ၃၀၊ ဗိုလ်ဆွန်ပက်လမ်း( အထက်ဘလောက်)က နောက်ဖေးလမ်းကြားကို ကျပ်သိန်းတစ်ထောင် ပတ်ဝန်းကျင် အကုန်ကျခံကာ ဥယျာဉ်ငယ်တစ်ခုအဖြစ် ပုံဖော်လိုက်ပြီဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေက မဇ္စျိမသို့ ပြောသည်။

အဆိုပါ ရှင်းလင်းပုံဖော်လိုက်သည့် နောက်ဖေးလမ်းကြားဥယျာဉ်ငယ်ကို "လူငယ်အနုပညာ ဆုံမှတ်လမ်းကြား" ဟု အမည်ပေးထားပြီး မေလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

"ဒီဟာတွေက တန်ဖိုးမှ ဖြတ်လို့မရတာ၊ တချို့ဆိုရင် ပန်းချီဆရာနာမည်ကြီးတွေ ဟိုတယ်တွေမှာ တစ်ကွက် ဆွဲရင် ၁၀ သိန်း၊ ၁၅ သိန်းရနေတာကို ဒီမှာအလကား လာဆွဲပေးတယ်။ အဲ့ဒါတွေက တန်ဖိုးကို တွက်လို့မရ ဘူး။ မေတ္တာဖြစ်နေတာက များတယ်။ အဲ့ဒီတော့ ခန့်မှန်းတန်ဖိုးကတော့ သိန်းတစ်ထောင်ဝန်းကျင်ပေါ့။ အတိ အကျတော့ ပြောလို့မရဘူး။ အဲဒီ့ထက်လည်း များနိုင်တယ်"ဟု ပန်းပဲတန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေက ပြောသည်။

"လူငယ်အနုပညာဆုံမှတ်လမ်းကြား"အဖြစ်ပုံဖော်ရန် (ခန့်မှန်းကုန်ကျငွေ) ကျပ်သိန်း တစ်ထောင်ပတ်ဝန်းကျင် ရှိခဲ့ပြီး ရပ်ကွက်နေပြည်သူများ၊ တို့အိမ်အဖွဲ့၊ သက်ဆိုင်ရာအစိုးရအဖွဲ့၊ Max+ တို့မှ ငွေကြေးပိုင်းနှင့် လုပ်အား ပိုင်းများဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နံရံပန်းချီများကို လူငယ်အနုပညာရှင်များက ရေးဆွဲခဲ့ခြင်းဖြစ် ကာ လိုအပ်သည့် အမှိုက်ပုံးများကို ကိုကာကိုလာမှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

" ဒီလမ်းကြားမှာလုပ်တာက ကျွန်မတို့ အမှန်အတိုင်းပြောရမယ်ဆိုရင် အရမ်းပဲပျော်ရွှင်စရာကောင်းပြီးတော့ တော်တော်လေးကို အားကြိုးမာန်တက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာကတည်းက ဒီလမ်းထဲမှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက အကုန်လုံးကနေပြီးတော့ စိတ်လည်းဝင်စားကြတယ်။ ပြီးတော့ ကျွန်မတို့ ဒါတွေလုပ်တယ်ဆိုတော့ ကလေးတွေ၊ မိဘတွေ၊ လမ်းသူလမ်းသားတွေအကုန်လုံးက ထွက်လာပြီးတော့ ကျွန်မတို့နဲ့ အတူတူပူးပေါင်းပြီးတော့ လုပ်ကြပါတယ်"ဟု တို့အိမ်အဖွဲ့မှ Landscape Designer မစွမ်းရည် ထွန်းလွင်က ပြောသည်။

လက်ရှိတွင် အမှိုက်များရှင်းလင်းကာ ပန်းဥယျာဉ်ငယ်သဖွယ် ပုံဖော်ထားရှိပြီးသော ရန်ကုန်မြို့ရှိ နောက်ဖေး လမ်း ကြားတချို့တွင် အမှိုက်ပစ်မှုများ ပြန်လည်ရှိနေပြီး ယင်းအပေါ် စည်ပင်သာယာမှ ဝန်ထမ်းများက အသိပညာပေးခြင်းများ၊ အသံချဲ့စက်ဖြင့် သတိပေးခြင်းများ၊  ရပ်ကွက်နေ ပြည်သူများနှင့် ပူးပေါင်းကာ စောင့်ကြည့်မှုများ လုပ်ဆောင်နေရကြောင်း သိရသည်။

" မြန်မြန်ခရီးပေါက်ချင်ရင်၊ မြန်မြန်ခေတ်မီတဲ့ နိုင်ငံရောက်ချင်ရင် အားလုံးက မြန်မြန်ထက်ထက် ကိုယ့်ရဲ့ အသိ စိတ်ဓာတ်နဲ့ နိုးနိုးကြားကြားတက်တက်ကြွကြွ စုပေါင်းပြီးတော့ လုပ်ရမယ်။ ဟာ.. အေးအေးဆေးဆေးပါပဲကွာ နောက်ဆယ်နှစ်၊ နောက်နှစ် ငါးဆယ်လောက်မှ ဖြစ်ဖြစ်ပါပဲဆိုရင်တော့ ဒါကတော့ ကိုယ့်ရဲ့အဆင့်အတန်းပဲ" နောက်ဖေးလမ်းကြားဖွင့်ပွဲသို့ ရောက်ရှိလာသည့် ပန်းဘဲတန်းမြို့နယ်၊ စည်ပင်သာယာဥက္ကဋ္ဌ ဦးဇော်ဝင်းထူးက ပြောသည်။

ယခုဖွင့်လှစ်လိုက်သည့်  နောက်ဖေးလမ်းကြားသည် ယခင်က အမှိုက်များ၊ မိလ္လာများဖြင့် အနံ့အသက်များ ဆိုးရွားနေပြီး ခြင်များ၊ ယင်များ၊ ကြွက်များဖြင့် ပြည့်နှက်နေသည့်အတွက် ကလေးငယ်များ တုပ်ကွေး ရောဂါဖြစ်ပွားခဲ့ရကြောင်း၊ အထပ်မြင့်အဆောက်အအုံ အပေါ်ထပ်များမှ စည်းကမ်းမဲ့ အမှိုက် ပစ်ချမှုများကြောင့် စကားများရန်ဖြစ်ခဲ့ရကြောင်း အဆိုပါ ပြဿနာရပ်များကို ကြုံတွေ့ခဲ့ရသည့် ရပ်ကွက် နေပြည်သူအချို့က မဇ္စျိမသို့ ရင်ဖွင့်ပြောပြသည်။

" အခုလုပ်ပေးလိုက်တဲ့ အခြေအနေအတွက် အရမ်းပျော်တယ်။ မျှော်လင့်မထားမိဘူး။ ဒို့အိမ်အဖွဲ့အပါအဝင် လူကြီးတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ အရင်တုန်းက အမှိုက်ပုံဆိုရင်လေ အမြဲတမ်း ဒုက္ခရောက်တာ။ မိုးလင်းတာနဲ့ အန်တီတို့မှာ လမ်းဘေးမှာသွားပြီး သွားတိုက်ရတဲ့၊ မျက်နှာသစ်ရတဲ့ဘဝ။ ရေချိုးချင်တယ် ဆိုရင်လည်း လုံးဝ ချိုးလို့မရဘူး။ နောက်ဖေးက ရေတွေက အထဲထဲကို ဝင်တာ။ အမှိုက်တွေက မရတော့။ မြောင်းရေတွေက ပြည့်နေတော့။ ပြောရရင် ရှက်ဖို့တောင်ကောင်းတယ်။ အိမ်သာပေါ်တောင် တက်ပြီး ရေချိုးခဲ့ရတယ်"ဟု ပန်းဘဲတန်းမြို့နယ်၊ လမ်း ၃၀ တွင်နေထိုင်သူ ဒေါ်တင်တင်စန်း ယခင်က နောက်ဖေးလမ်းကြားအခြေအနေကို ရင်ဖွင့်ပြောပြသည်။

ဒို့အိမ်အဖွဲ့မှ ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားများကို ပြည်သူများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့၊ စည်ပင်အဖွဲ့များ နှင့် ပူးပေါင်းလုပ်ဆောင်ပေးနေသည်မှာ ယခုဖွင့်လှစ်လိုက်သည့် ပန်းဘဲတန်းမြို့နယ်၊ လမ်း ၃၀၊ ဗိုလ်ဆွန် ပက်လမ်း( အထက်ဘလောက်)က နောက်ဖေးလမ်းကြားအပါအဝင် ၈ ခုထိရှိပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly