ရခိုင့်ဦးဆောင်ပါတီသို့ ၃ လအတွင်း အင်အား ၁၅၀၀ ကျော်ဝင်ရောက်

ရခိုင့်ဦးဆောင်ပါတီသို့ ၃ လအတွင်း အင်အား ၁၅၀၀ ကျော်ဝင်ရောက်
ဓာတ်ပုံ - ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင့်ဦးဆောင်ပါတီ AFP ရုံးဖွင့်လှစ်စဉ် (ဓာတ်ပုံ - အောင်အောင်ထူး)

စစ်တွေ၊ မေ ၂၅ ။          ။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင် ဦးဆောင်သည်ဟုဆိုသည့် ရခိုင်ဦးဆောင်ပါတီ (AFP) သို့ ပါတီ စတင်တည်ထောင်သည့်နေ့မှစ၍ ၃ လအတွင်း လူအင်အား ၁၅၀၀ ကျော်ဝင်ရောက်လာကြောင်း ပါတီဥက္ကဋ္ဌ ဦးခင်နုက ပြောသည်။

“ကျွန်တော်တို့ပါတီက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရွေးကောက်ပွဲဝင်ဖို့အတွက် မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တဲ့အတွက် သုံးလအတွင်း ပါတီဝင်အင်အားတစ်ထောင်ကို ကျွန်တော်တို့ စည်းရုံးပြီးတော့ ကော်မရှင်ကို စာရင်းတင်ပြရပါတယ်။ တင်တဲ့အခါမှာ ကျွန်တော်တို့ သုံးလအတွင်း ရက်ပေါင်း ၉၀ ပြည့်တဲ့အချိန်မှာ ကျွန်တော်တို့က ပါတီအင်အား ထောင့်ငါးရာကျော်လောက် စာရင်းတင်နိုင်ခဲ့ပါတယ်။”ဟု ဦးခင်နုက ပြောသည်။

ယင်းပါတီကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့က စတင်တည်ထောင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ထိုနေ့မှစ၍ သုံးလအတွင်း ပါတီဝင်အင်အား အနည်းဆုံး ၁၀၀၀ ဦးရေ၏ အမည်နှင့်တကွ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စာရင်းတင်ပြရမည်ဖြစ်ရာ ၎င်းတို့အနေဖြင့် လက်လှမ်းမှီသည့် ရခိုင်ပြည်နယ်၏ မြို့နယ်အချို့တွင် စည်းရုံးမှုများပြုလုပ်ရာ အင်အား ၁၅၀၀ ကျော်ရခဲ့ကြောင်း ဆိုသည်။

ထိုသို့ စည်းရုံးရာ တွင်လည်း မြို့နယ်အချို့တွင် သာ စည်းရုံးခဲ့ခြင်းဖြစ်ပြီး မစည်းရုံးရသည့် မြို့နယ်အများအပြား ကျန်နေသေးကြောင်း ဆိုသည်။

ပါတီ၏ CEC ဥက္ကဋ္ဌ အဖြစ် ဦးခင်နု၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ရသေ့တောင်မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့က တာဝန်အသီးသီးယူထားကြသည်။

ယင်းပါတီကို လက်ရှိ ဝင်ရောက်နေကြသည့်အနက်တွင် ယခင်က ဒေါက်တာအေးမောင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP)မှ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့် ကော်မတီဝင်များစွာပါဝင်သလို ရခိုင်တိုင်းရင်းသားများအပြင် တစ်ခြားတိုင်းရင်းသားများလည်း ပါဝင်နေသည်ဟု ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ဒေါက်တာအေးမောင်၏ လမ်းစဉ်နှင့်မူဝါဒကို ယုံကြည်၍ ယင်းပါတီသို့ ဝင်ရောက်လာရခြင်း ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ၏ မြို့နယ် CEC တစ်ဦးလည်းဖြစ်၊ ချင်းတိုင်းရင်းသူလည်းဖြစ်သည့် ဒေါ်မြမြဝင်းက ဆိုသည်။

“အန်တီကတော့ ရခိုင်မဟုတ်ဘူး။ ချင်းတိုင်းရင်းသူဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးကို အများအားဖြင့်ပြောဆိုတဲ့ ဒေါက်တာရဲ့ ချမှတ်တဲ့လမ်းစဉ်ကို ကြိုက်တယ်။ မူဝါဒကိုလည်းကြိုက်တယ်။ သူ့ရဲ့စိတ်ဓာတ်ကိုလည်း ကြိုက်တယ်။ သူရဲ့လုပ်ရည်ကိုင်ရည်ကိုလည်း ကြိုက်တဲ့အတွက်ကြောင့် အန်တီတို့က ဒီပါတီကိုတစ်ဆင့် ပြန်ပြီးတော့ စိတ်ဝင်စားတာပဲဖြစ်တယ်။”ဟု ဆိုသည်။

ထိုပါတီကို ဒေါက်တာအေးမောင် ဦးဆောင်သည်ဟုဆိုသော်လည်း နိုင်ငံရေးအခင်းအကျင်းအရ ၎င်းမှာ အကျဉ်းကျခံနေရသည့်အတွက် မည်သည့်တာဝန်ကိုမျှ ပေးအပ်ထားခြင်းမရှိကြောင်း၊ သို့ရာတွင် ၎င်း၏လမ်းညွှန်မှုအတိုင်းသာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပါတီဗဟို ကော်မတီဝင်များက ပြောသည်။

ယင်းအပြင် ဒေါက်တာအေးမောင်ထုတ်ဖော်ပြောဆိုထားသည့်အတိုင်း စစ်မှုထမ်းဟောင်းများ၊ တက္ကသိုလ်ပါမောက္ခများစသည့် ဝါရင့်နိုင်ငံရေးသမားများမှာလည်း ဝင်ရောက်မလာကြသေးဘဲ ဒေါက်တာအေးမောင်၏ အခြေနေအား အကဲ ခတ်နေကြကြောင်း ဥက္ကဋ္ဌ ဦးခင်နုက သုံးသပ်ပြောဆိုသည်။

ယနေ့ မေလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရခိုင့်ဦးဆောင်ပါတီဗဟိုရုံးကို စစ်တွေမြို့တွင် ဖွင့်လှစ်ခဲ့သလို မကြာခင် ရန်ကုန်မှာမြို့တွင် ဌာနခွဲဖွင့်သွားမှာဖြစ်ကာ မြို့နယ်များတွင်လည်း ရုံးခွဲအသီးသီးဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly