AA အဖွဲ့က လုံခြုံရေးစိုးရိမ်မှုရှိနေ၍ အပစ်ရပ်ဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းဖြစ်ဟု သမ္မတရုံး ပြော ၊ မှဲ့တစ်ပေါက်မစွန်းစေရန် တပ်မတော်က အာမခံဟုဆို

AA အဖွဲ့က လုံခြုံရေးစိုးရိမ်မှုရှိနေ၍ အပစ်ရပ်ဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းဖြစ်ဟု သမ္မတရုံး ပြော ၊ မှဲ့တစ်ပေါက်မစွန်းစေရန် တပ်မတော်က အာမခံဟုဆို
 မတ်လ ၂၁ရက်က နေပြည်တော်တွင်ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ AA ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လာစဉ်(ဓာတ်ပုံ- EPA)

နေပြည်တော်(မေလ ၂၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရက္ခိုင့်တပ်(AA) က ၎င်းတို့ ကိုယ်စားလှယ်များအတွက် လုံခြုံရေး စိုးရိမ်မှု ရှိနေ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့တို့ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

NRPC နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် KIO/KIA ၊ MNDAA ၊ TNLA နှင့် AA တို့အကြား မူဆယ်မြို့တွင် ဧပြီ ၃ဝရက်က တွေ့ဆုံဆွေးနွေးစဉ် တစ်ဖွဲ့ချင်းအလိုက် အပစ်အခတ်ရပ်စဲရေး ဆောင််ရွက်မည့် Bilateral စာချုပ် ချုပ်ဆိုနိုင်ရေး ဆက်လက်ဆွေးနွေးရန် သဘောတူထားသည်။

ထိုဆွေးနွေးပွဲရလဒ်ကို မေလ ၂၄၊ ၂၅ရက်တွင် ထပ်မံတွေ့ဆုံရန် သတ်မှတ်ခဲ့သော်လည်း ဆွေးနွေးပွဲကျင်းပမည့်နေရာ ပြေလည်မှုမရ၍ ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

“သူတို့ဘက်က နောက်ဆုံးအဆိုပြုချက်က မူဆယ်လို့ ပြောတယ်။ မူဆယ်ဆိုရင်တော့ အဓိက KIA ကတော့ ဘယ်နေရာဖြစ်ဖြစ်လို့ ပြောတယ်။ ရန်ကုန်ဖြစ်စေ၊ နေပြည်တော်ဖြစ်စေ၊ မြစ်ကြီးနားဖြစ်စေ သူကတော့ အဆင်ပြေတယ်။ သို့သော် အခုလောလောဆယ် စိုးရိမ်မှုရှိနေတာက AA ပေါ့။ AA အဖွဲ့ကတော့ တိုက်ပွဲတွေ နည်းနည်းလေး ရှိနေတဲ့အတွက် သူတို့ ခေါင်းဆောင်တွေလာတဲ့အခါမှာ သူတို့ရဲ့ လုံခြုံရေးတွေ စိုးရိမ်တယ်လို့ ပြောတယ်” ဟု မေလ ၂၄ရက်တွင် ဦးဇော်ဌေးက ပြောသည်။

AA ၏ ထိုစိုးရိမ်ချက်အပေါ် တပ်မတော်အကြီးအကဲများကို မေးမြန်းရာတွင် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကာလအတွင်း ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်စရာမလိုကြောင်း တပ်မတော်ဘက်က အာမခံသည်ဟု ဦးဇော်ဌေးက ဆိုသည်။

“ကျွန်တော်တို့ တပ်မတော်ဘက်ကလည်း အကြီးအကဲတွေ မေးတယ်။ တပ်မတော်ဘက်က အကြီးအကဲတွေကလည်း ဘာပြောလဲဆိုတော့ မှဲ့တစ်ပေါက် မစွန်းစေရဘူး။ လုံခြုံရေးကို အာမခံပါတယ်။ ဒီညီလာခံကာလ နောက် ၈ဖွဲ့နဲ့ NRPC မှာ တွေ့တဲ့ ကာလတွေကိုလာတဲ့အခါမှာလည်း သူတို့ လုံခြုံရေးအရ တစ်စုံတစ်ရာ လုံခြုံရေးအရ ဘာမှ စိုးရိမ်စရာ မရှိတဲ့ အခြေအနေဖြစ်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တွေ့ဆုံပွဲ ဆက်လက်ကျင်းပနိုင်ရေး အပြန်အလှန် ဆက်သွယ်ပြီး ညှိနှိုင်းနေသည်ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly