ယူကရိန်း သင်္ဘောသားတွေကို ရုရှားက ဖမ်းထားခြင်းအပေါ် နိုင်ငံတကာခုံရုံးက စီရင်ချက် ချမည်

ယူကရိန်း သင်္ဘောသားတွေကို ရုရှားက ဖမ်းထားခြင်းအပေါ် နိုင်ငံတကာခုံရုံးက စီရင်ချက် ချမည်

ပြီးခဲ့တဲ့နှစ်က ခရိုင်းမီးယားကျွန်းဆွယ်မှာ ယူကရိန်းသင်္ဘောသား ၂၄ ဦးနဲ့ ရေတပ်စစ်သင်္ဘော သုံးစင်းကို ရုရှားက ဖမ်းဆီးထားတဲ့ အငြင်းပွားမှုအပေါ် နိုင်ငံတကာခုံရုံးတစ်ရပ်က မေ ၂၅ ရက်မှာ စီရင်ချက် ချဖို့ ရှိနေပါတယ်။

ဂျာမနီဆိပ်ကမ်းမြို့ ဟမ်းဘတ်ချ်မြို့က ပင်လယ်ဥပဒေဆိုင်ရာနိုင်ငံတကာခုံရုံးမှ တရားသူကြီး ဂျင်ဟောင်ပိုက်က ဂရင်းနစ်စံတော်ချိန် ၁၀၀၀ နာရီမှာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြေညာလိမ့်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ကာ့ရှ်ရေလက်ကြားမှာ ခုလို ယူကရိန်းသင်္ဘောသားတွေနဲ့ စစ်ရေယာဉ်တွေကို ရုရှားက ဖမ်းဆီးသွားမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရုရှားနဲ့ ဆိုဗီယက်ဟောင်း အိမ်နီးချင်း ယူကရိန်းနိုင်ငံကြားက ထိပ်တိုက်တွေ့မှုတွေမှာ အန္တရာယ်အဖြစ်နိုင်ဆုံး ထိပ်တိုက်တွေ့မှုလည်း ဖြစ်ပါတယ်။

ရုရှားဟာ ၂၀၁၄ မတ်လအတွင်းမှာ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းက ဒီဒေသမှာ ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁၃၀၀၀  နီးပါး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂစာရင်းဇယားအရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ သင်္ဘောသားတွေဟာ စစ်အကျဉ်းသားတွေ ဖြစ်တယ်လို့ ယူကရိန်းသမ္မတဟောင်း ပိုရိုရှန်ကိုက ပြောထားပြီး ရုရှားရဲ့ ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးအပေါ် အလေးမထားမှုကို ဗြောင်ကျကျ ဖော်ပြနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မော်စကိုဖက်ကတော့ ၎င်းတို့ရဲ့ ရေပြင်ပိုင်နက်နယ်စပ်ကို ကျူးကျော်လာလို့ အဲဒီသင်္ဘောသားတွေနဲ့ စစ်ရေယာဉ်တွေကို ဖမ်းဆီးထားတာ ဖြစ်ပြီး ၎င်းသင်္ဘောသားတွေဟာ ထောင်ဒဏ် ခြောက်နှစ် ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ရှေ့နေတွေက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly