မြန်မာနိုင်ငံမှ ယူကေသို့ မိုင်ပေါင်း ၃ သောင်း ခရီးနှင်မည့် ဆိုင်ကယ်ခရီးစဉ်

မြန်မာနိုင်ငံမှ ယူကေသို့ မိုင်ပေါင်း ၃ သောင်း ခရီးနှင်မည့် ဆိုင်ကယ်ခရီးစဉ်
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ မေ ၂၅  ။            ။ Motourlogue ခရီးသွားအဖွဲ့မှ ကိုစိုင်းဇွမ်ဖနှင့် ကိုအောင်ကျော်ဝင်းတို့သည် မြန်မာနိုင်ငံမှ ယူကေသို့ မိုင်ပေါင်း ၃ သောင်းခရီးစဉ်ကို ဆိုင်ကယ်တစ်စီးစီနှင့် ၅ လကြာခရီးနှင်ကြမည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်ကို ရန်ကုန်တိုင်းအစိုးရ၏ ဆိုင်ကယ်စီးခွင့်ပြုချက်ဖြင့် လာမည့်မေလ ၂၆ ရက်နေ့မနက် ၆ နာရီတွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှ စတင်ထွက်ခွာပြီး ခရီးနှင်မည် ဖြစ်ကြောင်းလည်း သိရသည်။

“ခရီးစဉ်ကတော့ ၂၆ ရက်နေ့မနက် ရန်ကုန်က စထွက်ပါမယ်။ မြန်မာပြည်အတွင်းမှာ ပြည်၊ မကွေး၊ မန္တလေး၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ် နယ်စပ်ကနေ ကျွန်တော်တို့ ထိုင်းကို သွားပါမယ်။ ထိုင်းကနေတစ်ဆင့် လာအို၊ ထိုင်းနဲ့ လာအိုက တစ်ရက်လောက်ပဲ ကြာပါမယ်။ ချက်ချင်း ဖြတ်သွားတဲ့ သဘောလောက်ပါပဲ။ နောက် ကျွန်တော်တို့ တရုတ်မှာ ၁၃ ရက်၊ ၁၄ ရက်လောက် စီးကြပါမယ်။ တရုတ်ကနေ မွန်ဂိုလီးယားကို တက်ပါမယ်။ မွန်ဂိုလီးယားကနေ တစ်ဆင့် ကျွန်တော်တို့ ကာစစ္စတန်ကို ကူးတဲ့ အခါမှာ Border မရှိတဲ့အတွက် ရုရှားကို တစ်ချက်ဝင်ရလိမ့်မယ်။ ရုရှားက တစ်ဆင့် ကာစစ္စတန်ကို ပြန်ဝင်ပါမယ်။ ဂျာမနီတို့၊ နယ်သာလန်တို့၊ ဒိန်းမတ် တို့ကနေ ယူကေကို ရောက်အောင် စီးမယ်လို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်” ဟု ကိုအောင်ကျော်ဝင်းက ပြောသည်။

၄င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကျော်က ဆိုင်ကယ်တစ်စီးနှင့် ကမ္ဘာပတ်ခဲ့ကြသော မြန်မာနိုင်ငံ သစ်တောအရေးပိုင် ဦးဘတုတ်နှင့် ဒေါ်တင်တင်စိန် တို့၏ နိုင်ငံဖြတ်ကျော် ခရီးစဉ်ကို ဂုဏ်ပြုသောအားဖြင့် ထိုသူတို့ သွားခဲ့သော လမ်းကြောင်းအတိုင်း မောင်းနှင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Motourlogue အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ၊ တောင်ဥက္ကလာပမြို့နယ်ရှိ Zayat Coworking Space တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 “ကျွန်တော်တို့ ဘာလို့ Motourlogue လို့ နာမည်ပေးတာလဲဆိုတော့ Moto က Motorbikes ကနေလာ ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က အမြဲတမ်း မော်တော်ဆိုင်ကယ်ကို ကြိုက်ပါတယ်။ ပြီးတော့ ဆိုင်ကယ်ကို ကြိုက်တဲ့ နေရာမှာ များသောအားဖြင့် ခရီးသွားခြင်း(Touring)ကို ကြိုက်ပါတယ်။ တစ်ချို့ speed ကိုကြိုက် တယ်။ တစ်ချို့က စတန့်ကို ကြိုက်တယ်။ ကျွန်တော်တို့ကတော့ Touring ကိုကြိုက်တော့ tour ကို စကားလုံး ယူထားပါတယ်။ နောက် ခရီးထွက်ရင် နယ်ပယ်အသီးသီးက လူတွေနဲ့ စကားပြောရတာကို ကျွန်တော် ကြိုက် တယ်။ ဒါကို ကျွန်တော်တို့က Dialogues အနေနဲ့ ယူလိုက်ပါတယ်။ အဲ့တော့ ပေါင်းလိုက်မယ်ဆိုရင် ကျွန်တော် တို့ Motourlogue ရလာတာ ဖြစ်ပါတယ်” ဟု ကိုစိုင်းဇွမ်ဖက ပြောသည်။

၄င်းတို့ နှစ်ဦးသည် ခရီးစဉ်တစ်လျှောက် မြို့များနှင့် နိုင်ငံများကို ဖြတ်သန်းသွားပြီး ပြန်လည်ရောက်ရှိပါက ခရီးအတွေ့အကြုံများကို၊ မှတ်တမ်းများကို ပြန်လည်ဝေမျှသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly