မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ဆုံးဖြတ်ချက်ကြောင့် တွေ့ဆုံမည့်နေရာ ညှိနှိုင်းခြင်းဖြစ်ဟု AA ဆို

မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ဆုံးဖြတ်ချက်ကြောင့် တွေ့ဆုံမည့်နေရာ ညှိနှိုင်းခြင်းဖြစ်ဟု AA ဆို

ရန်ကုန် ၊ မေ ၂၅ ။             ။ ရက္ခိုင့်တပ် AA ၏ ခေါင်းဆောင်ပိုင်းများ၏ လုံခြုံရေးကြောင့်သာမဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ၏ ဆုံဖြတ်ချက်ကြောင့် တွေ့ဆုံရမည့်နေရာကို ညှိနှိုင်းနေခြင်းဖြစ်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ကျွန်တော်တို့ရဲ့ တစ်ဖွဲ့ချင်းသဘောထားဆိုတာထက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ညှိနှိုင်းနေဆဲပါပဲ။ တွေ့ဆုံဖို့ကတော့ နှစ်ဖက်လုံးရဲ့ သဘောထားက ရှိနေပြီးသားပါ။ နေရာကိစ္စပဲ ညှိနေတာဆိုတော့ မကြာခင်မှာတော့ ညှိလို့ပြီးသွားမယ်လို့ ထင်ပါတယ်” ဟု ခိုင်သုခက ဆိုသည်။

ရက္ခိုင့်တပ် AA ခေါင်းဆောင်များ၏ လုံခြုံရေးအခြေအနေကြောင့် တွေ့ဆုံမည့်နေရာကို ညှိနှိုင်းနေဆဲဖြစ်ပြီး လုံခြုံရေးနှင့် စိတ်ချရန် တပ်မတော်ဘက်က အာမခံထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ ၂၄ ရက်နေ့ ညနေပိုင်းတွင် ပြောဆိုထားခဲ့သည်။

“တပ်မတော်ဘက်က ဘာပြောလဲဆိုတော့ မှဲ့တစ်ပေါက်မစွန်းစေရဘူး။ လုံခြုံရေးကို အာမခံပါတယ်လို့ ပြောထားတယ်” ဟု ဦးဇော်ဌေးက ပြောဆိုထားသည်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် အစိုးရ(NRPC) တို့အကြား မူဆယ်မြို့တွင် တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံပွဲတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဘက်မှ Bilateral ခေါ် နှစ်ဘက် အပစ်ရပ် စာချုပ် အဆိုပြုချက်ကို ပေးခဲ့ကာ မေလ ၂၄ ရက် နှင့် ၂၅ ရက်နေ့တွင် ထပ်မံတွေ့ဆုံရန် ညှိနှိုင်း သဘောတူညီ ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း နှစ်ဘက်တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရခြင်းကြောင့် ဆွေးနွေးပွဲအား ရွေ့ဆိုင်းခဲ့ရကာ တွေ့ဆုံမည့် နေရာကို အစိုးရဘက်က နေပြည်တော် ၊ ရန်ကုန် ၊ နှင့် မြစ်ကြီးနား မြို့တို့ကို အဆိုပြုထားပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များဘက်ကမူ မူဆယ် ၊ ပန်ဆန်း နှင့် တရုတ်နိုင်ငံ ကူမင်းမြို့တို့ကို အဆိုပြထားခြင်း ဖြစ်သည်။

Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့် KIO/KIA ကချင် ၊ PSLF/TNLA ပလောင် ၊ ULA/AA ရက္ခိုင့် ၊ MNTJP/MNDAA ကိုးကန့်အဖွဲ့တို့သည် တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် အဖွဲ့များလည်း ဖြစ်သည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly