ဗယ်လ်ဗာဒီကို ထောက်ခံပေမယ့် ဘာစီလိုနာဟာ နာကျင်နေရဆဲဖြစ်တယ်လို့ ဝန်ခံသွားတဲ့ မက်ဆီ

ဗယ်လ်ဗာဒီကို ထောက်ခံပေမယ့် ဘာစီလိုနာဟာ နာကျင်နေရဆဲဖြစ်တယ်လို့ ဝန်ခံသွားတဲ့ မက်ဆီ
Photos: EPA

လီယွန်နယ် မက်ဆီက ဗယ်လ်ဗာဒီကို ဘာစီလိုနာနည်းပြအဖြစ် ဆက်လက် အလိုရှိပေမယ့် အသင်းအနေနဲ့ လီဗာပူးလ်ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့ နာကျင်မှုတွေကနေ ပြန်လည်ကောင်းမွန်မလာသေးဘူးလို့ ဝန်ခံလိုက်ပါတယ်။

ဘာစီလိုနာကတော့ စနေနေ့ (ယနေ့) ကိုပါဒရေး (စပိန်ဘုရင့်ဖလား)ဖလားဗိုလ်လုပွဲအဖြစ် ဗလင်စီယာနဲ့ ကစားရမှာပါ။

ဘာစီလိုနာဟာ လာလီဂါမှာ ဒုတိယနေရာက အက်သလက်တီကိုကို (၁၁)မှတ်ဖြတ်ပြီး အမှတ်ပေးဖလား ဆွတ်ခူးခဲ့ပြီး ယခုအခါ ဗလင်စီယာကို အနိုင်ရရှိခဲ့ပါက ပြည်တွင်းဖလား (၂)လုံး ဆွတ်ခူးသွားမှာဖြစ်ပါတယ်။

လီဗာပူးလ်ကို ရှုံးနိမ့်ပြီးနောက် ဗယ်လ်ဗာဒီရဲ့ နည်းပြအနာဂတ်ဟာ မရေမရာဖြစ်ခဲ့ပေမယ့်လည်း အသင်းဥက္ကဋ္ဌ ဘာတိုမူက သူဟာ နည်းပြအဖြစ် အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

"နည်းပြဟာ သူကိုင်တွယ်ခဲ့တဲ့ အချိန်အတွင်းမှာ အထင်ကြီးလောက်တဲ့ အလုပ်တွေကို လုပ်ဆောင်ပြခဲ့ပြီးဖြစ်ပါတယ်လို့ ကျနော် ရိုးရိုးသားသား ယုံကြည်ထားပါတယ်။ လီဗာပူးလ်ကို အရေးနိမ့်ရာမှာ သူ့ဟာ သိပ်ပြီးအပြစ်တင်ခံစရာ မရှိပါဘူး။ ကျနော်တို့တစ်တွေကသာ ဒီပွဲအတွက် တာဝန်ယူရမှာလို့ ထင်ပါတယ်။"လို့ မက်ဆီက သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီလိုမျိုးရှုံးနိမ့်မှုက တစ်နှစ်ဆိုရင်ဖြစ်နိုင်တယ်။ ဒါပေမယ့် နှစ်နှစ်ဆက်တိုက်ဆိုရင်တော့ ဒါဟာ ခွင့်မလွှတ်နိုင်စရာပါ။ ရှင်းပါတယ် ...နည်းပြကတော့ အပြစ်တင်ရဖို့ တစ်စိတ်တစ်ပိုင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကစားသမားတွေက ပိုပြီးအပြစ်တင်ခံထိုက်ပါတယ်။

"သူ့ကို ဆက်ရှိနေစေချင်ပါတယ်။ ပြီးခဲ့နှစ်က ကျနော်တို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတယ်ဆိုရင်တောင် ဖလား နှစ်လုံးရယူခဲ့ပါတယ်။ ဒီနှစ်မှာလည်း ကျနော်တို့ဟာ နောက်တစ်ကြိမ် ဖလား နှစ်လုံးရနိုင်ပါတယ်။

"သူ့ရဲ့ နှစ်နှစ်တာ နည်းပြမှုကို ခင်ဗျာ ပြန်ကြည့်မယ်ဆိုရင် ဆိုးရွးတဲ့ ပွဲနှစ်ပွဲကို တွေ့မှာပါ။ ဒါဟာ လက်ခံလို့ကို မရပါဘူး။ ဒါပေမယ့် ဒီအလွန်မှာတော့ ရာသီအဆုံးသတ်ဟာ ကောင်းမွန်မှုရှိခဲ့ပါတယ်။"

ဗာလ်ဗာဒီဟာ သူ့ရဲ့ အနာဂတ်တဲ့ ပတ်သက်လို့ နောက်တစ်ကြိမ် မေးမြန်းခံခဲ့ရပါတယ်။

"ဥက္ကဋ္ဌ၊ ဘုတ်အဖွဲ့တွေကနေ ဘာမှ စောဒကတက်တာ မရှိပါဘူး။ ခင်ဗျားတို့က အလွန်စိုးရိမ်ပုံရပါတယ်။ အဲသလောက်လည်း မစိုးရိမ်ကြပါနဲ့။"လို့ ဗယ်လ်ဗာဒီက ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို (၄)နှစ်ဆက်တိုက် မတက်ရောက်နိုင်ချိန်မှာ ပြိုင်ဘက် ရီးယဲလ်အသင်းကတော့ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပါတယ်။

"ကျနော်တို့ဟ လီဗာပူးလ်ကို ရှုံးနိမ့်တဲ့ နာကျင်မှုကို မေ့ပျောက်ဖို့ ရုန်းထနေရဆဲပါ။ အနည်းဆုံးတော့ ကျနော်ကိုယ်တိုင်လည်းပါပါတယ်။ အခု ဒီဗိုလ်လုပွဲမှာ အနိုင်ရသွားချင်ယုံလေးပါ။ ပြီးတော့ နောက်ထပ်ဖလားတစ်လုံးနဲ့ ဒီနှစ်ဘောလုံးရာသီကို အဆုံးသတ်ချင်ပါတယ်။"လို့ မက်ဆီက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly