ဦးဝီရသူ ဦးဆောင်သည့် အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကော်မတီဝင် ရဦးကို တရားစွဲ

ဦးဝီရသူ ဦးဆောင်သည့် အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကော်မတီဝင် ရဦးကို တရားစွဲ
(ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး(မေလ ၂၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာတွင် အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင်သည့် မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တည်ဆောက်နေမှုအပေါ် တရားစွဲခံထားရသည့် တည်ဆောက်ရေး ကော်မတီဝင် ရဦးကို မြို့နယ်တရားရုံးက တစ်ဦးလျှင် ကျပ်သိန်း ၃ဝဖြင့် မေလ ၂၄ရက်က အာမခံ ပေးခဲ့သည်။

အဆိုပါ ကျောင်းတည်ဆောက်ခွင့်အတွက် ၂၀၁ရခုနှစ်ကတစ်ကြိမ်၊ ၂၀၁၈ခုနှစ်ကတစ်ကြိမ် တိုင်းအစိုးရထံ တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့်မရဘဲ တည်ဆောက်ရေးလုပ်ငန်းတချို့ ဆက်လုပ်သဖြင့် ၁၈၈၉ခုနှစ်၊ အထက်ဗမာပြည် မြေနှင့်အခွန်တော်ဥပဒေ ပုဒ်မ ၆၉(၂)အရ ငြိစွန်းသည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးညွှန့်လင်းက မေလ ၁ရရက်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲခံရသူများမှာ ကျောင်းတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး၊ ဥက္ကဋ္ဌ(၁) ဗိုလ်မှူး(ငြိမ်း) သူရရွှေလှ၊ ဥက္ကဋ္ဌ(၂) ဦးမျိုးချစ်၊ ဥက္ကဋ္ဌ(၃) ဦးဇော်ဝိတ်နှင့် အတွင်းရေးမှူး(၁) ဦးဖြူဝင်း၊ အတွင်းရေးမှူး(၂) ဗိုလ်မှူး အောင်ချမ်းမင်း၊ အတွင်းရေးမှူး(၃) ဦးမျိုးမြင့်ဦးတို့ ဖြစ်သည်။

“ဒီအမှုက တစ်ကယ်ပြောရရင်တော့ ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာပါ။ ပြည်သူတစ်ရပ်လုံးရဲ့ ချို့တဲ့တဲ့ ပညာရေးအတွက် ကူညီထောက်ပံ့ဖို့အတွက် ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတဲ့ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းပါ။ ဒါကို အစိုးရက ပညာရေးတွေကို ခွင့်မပြုချင်လို့ တရားစွဲတယ်လို့ပဲ မှတ်ယူပါတယ်” ဟု ကျောင်းတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ(၃) ဦးဇော်ဝိတ်က ပြောသည်။

အဆိုပါ မန်းမဟောသဓာကျောင်း မဖွင့်လှစ်နိုင်သည့်အတွက် ပညာသင်ကြားလိုသည့် ကျောင်းသားများအတွက် များစွာ နစ်နာသွားနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

ဒုတိယအကြိမ် ရုံးချိန်းကို လာမည့် မေလ ၃၁ရက်တွင် ထပ်မံချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required