လူ ၁၇ ဦးအထိ တရားစွဲခံခဲ့ရသည့် တာမွေဆန္ဒပြမှု တန်းတူညီမျှမှုမရှိဟု ရှေ့နေပြော

လူ ၁၇ ဦးအထိ တရားစွဲခံခဲ့ရသည့် တာမွေဆန္ဒပြမှု တန်းတူညီမျှမှုမရှိဟု ရှေ့နေပြော

ရန်ကုန်၊ မေလ ၂၄ ။                  ။ ရဲတပ်ဖွဲ့မှ ဖြိုခွဲကာ တရားစွဲဆိုမှုများပြုလုပ်ခဲ့သည့် တာမွေမြို့နယ်မှ စစ်ပွဲများရပ်ရန် ဆန္ဒပြမှုအပေါ် သက်ဆိုင် ရာမှ ခွင့်မပြုခဲ့ခြင်းနှင့် တရားစွဲဆိုခဲ့ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တန်းတူညီမျှမှုမရှိဟု တရားစွဲခံရသူများ ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောဆိုလိုက်သည်။

၂၀၁၈ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအမိန့်ဖြင့် မြို့နယ် ၁၁ မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်မှု များမပြုလုပ်ရန် ပိတ်ပင်ခဲ့ပြီး ယင်းမြို့နယ်များတွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ရန် စာတင်လာပါက တာမွေ မြို့နယ်ရှိ ဟစ်တိုင်တွင်သာ ခွင့်ပြုပေးရန် ညွှန်ကြားချက်ထွက်ခဲ့သည်။

" အဲ့ဒီညွှန်ကြားချက်နဲ့ သူတို့က ဒီမှာ ဆန္ဒပြခွင့်မပေးတာဖြစ်ပါတယ်လို့ သူတို့ဘက်မှ ပြောလာတာတွေရှိတယ်။ သို့သော် ကျွန်တော်တို့ဘက်ကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အမိန့်ညွှန်ကြားချက်ဟာ ဥပဒေ မဟုတ်ဘူး။ ဥပဒေကို ကျော်လို့မရဘူး။ ဖွဲ့စည်းပုံကို ကျော်လို့မရဘူး။ ဒါ..ကျွန်တော်တို့ နိုင်ငံသားရဲ့ အခွင့် အရေးသာဖြစ်တယ်။ နောက်တစ်ခုက အမိန့်ညွှန်ကြားချက်ထွက်ပြီးမှ ဆန္ဒပြတာ လေးကြိမ်ရှိတယ်။ နှစ်ဖွဲ့ကို ဖမ်းတယ်။ နှစ်ဖွဲ့ကို မဖမ်းဘူး။ ခွင့်ပြုပေးတာက တစ်ဖွဲ့က မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြတဲ့ တစ်ပွဲရှိပါ တယ်။ နောက်တစ်ခုက အဲ့ဒီကြားကာလအတွင်းမှာပဲ တပ်မတော်ထောက်ခံပွဲဆိုတဲ့ ဆန္ဒပြပွဲ တစ်ပွဲရှိပါတယ်။ အဲ့ဒီနှစ်ဖွဲ့ကို ခွင့်ပြု ချက်ပေးပြီးတော့ ဒီပွဲကို ခွင့်ပြုချက်မပေးတာဟာ ခွင့်မပြုဘူးဆိုတာ ဒါ တန်းတူညီမျှမှုမရှိဘူး ဥပဒေအရမှာ"ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။

စစ်ပွဲများရပ်တန့်ရေးအတွက် တာမွေမြို့နယ်၌ ဆန္ဒပြမှုမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြမှုကို ရဲတပ်ဖွဲ့မှ အင်အားသုံးဖြိုခွဲခဲ့ပြီးနောက် ပါဝင်သူများအနက် ဟောပြောသူများနှင့် ဦးဆောင်ပါဝင်ခဲ့သူ ၁၇ ဦးကို ပုဒ်မ- ၁ဝ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

" ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီအထဲမှာပေးထားတဲ့ လွတ်လပ် ခွင့် အခွင့်အရေးပဲဖြစ်တယ်။ ဒါကတော့။ တန်းတူညီမျှမှုအခွင့်အရေးပေါ့။ သူတို့ကို ခွင့်ပြုပေးတယ်ဆိုရင် ဒီလူတွေကိုလည်းပေးရမယ်။ သူတို့ကို မပေးဘူးဆိုရင် ကျန်တဲ့သူကိုလည်း ပေးလို့မရဘူး။ သူတို့ကိုကျတော့ ခွင့်ပြုပေးတယ်။ ဒီအဖွဲ့ကိုကျတော့ ခွင့်ပြုမပေးဘူးဆိုတာ ဒါ တရားမျှတာမှုမရှိဘူး" ဟု ဦးအောင်သူရိန်ထွန်းက ဆက်ပြောခဲ့သည်။

ယင်းအမှုမှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ်ပွဲများရပ်တန့်ရေးဆန္ဒပြပွဲတွင် အမှုဖွင့်တရားစွဲခြင်းခံခဲ့ရသည့် ဦးမြတ်ကျော်၊ ကိုဇေယျာလွင်၊ ကိုပိုင်စိုးသူတို့အပါအဝင် ၁၇ ဦအမှုကို မေလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်တရားရုံးတွင် ၃၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

" ဒီအမှုက ကြန့်ကြာနေတယ်။ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုလည်း တက်ဖို့လုပ်နေပါတယ်။ နောက်တစ်ချက်ကဘာလည်းဆိုတော့ ဖွဲ့စည်းပုံကပေးထားတဲ့ အခွင့်အရေးတွေကို ဒီတိုင်းဒေသကြီးက အမိန့်ညွှန်ကြားချက်တွေနဲ့ ပြန်လည်လွှမ်းမိုးထားတဲ့၊ ဥပဒေနဲ့ မညီတဲ့ ဥစ္စာတွေက ဥပဒေကြောင်းအရ သွားဖို့ အတွက် နည်းနည်းလေးကြန့်ကြာနေတာဖြစ်ပါတယ်"ဟု တရားစွဲခံသည့် ၁၇ ဦးတွင် ပါဝင်သူ ဦးမြတ်ကျော်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ စစ်ပွဲများရပ်ရန် ဆန္ဒပြမှုကြောင့် တရားစွဲခံရသူများကို မေလ ၂၄ ရက်နေ့၊  ရုံးထုတ်စစ်ဆေးခဲ့ရာတွင် ထူးခြားမှုတစ်ရပ်အနေဖြင့် "တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ" စာတန်းပါ အပြာရောင်အကျင်္ီများ ဆင်တူဝတ်ဆင်ကာ လှုပ်ရှားတစ်ရပ်ကိုပြုလုပ်ခဲ့ကြပြီး ယင်းလှုပ်ရှားမှုမှာ လက်ရှိ တပ်မတော်ဘက်မှ တရားစွဲ ဆိုထားသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်နှင့် ကိုပိုင်စိုးသူတို့ကို ရည်ညွှန်းကြောင်း သိရသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်နှင့် ကိုပိုင်စိုးသူတို့မှာ စစ်ပွဲများရပ်တန့်ရေး တာမွေဆန္ဒပြမှုဖြင့် တရားစွဲဆိုထားသော ၁၇ ဦးတွင်လည်း ပါဝင်နေသည့်အတွက် မေလ ၂၄ ရုံးချိန်းတွင် အင်းစိန်ထောင်မှ ရဲအချုပ်ကားဖြင့် တရားရုံးသို့ ခေါ်ယူလာခြင်းဖြစ်သည်။

"တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ" စာတန်းပါ အပြာရောင်အကျႌများ ဆင်တူဝတ်ဆင်ကာ လှုပ်ရှားမှုပြုလုပ်နေခြင်းကို မေလ ၁၇ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်း ၂၀ ခန့်က ပူးပေါင်း ပြီး တပ်မတော်ဘက်က တရားစွဲဆိုထားသည့် ရုံးချိန်းတိုင်း ထိုသို့ လှုပ်ရှားမှုကို ပြုလုပ်နေခြင်းဖြစ်သည်။

 

စစ်ပွဲများရပ်တန့်ရေးအတွက် တာမွေမြို့နယ်တွင် ဆန္ဒပြခဲ့သဖြင့် တရားစွဲခံရသော ၁၇ ဦးတွင်ပါဝင်သည့် ဦးမြတ်ကျော်ကို မေလ ၂၄ ရက်နေ့၊ ဗဟန်းတရားရုံးရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly