ဘဝနောက်ဆုံးချိန် စောင့်ရှောက်မှု မြန်မာက အဆိုးဆုံးအဆင့်ငါးတွင်ရှိသည်ဟု သုတေသနထုတ်ပြန်

ဘဝနောက်ဆုံးချိန် စောင့်ရှောက်မှု မြန်မာက အဆိုးဆုံးအဆင့်ငါးတွင်ရှိသည်ဟု သုတေသနထုတ်ပြန်
Graphic - BBC

အောက်တိုဘာလ ၇ ရက် ။         ။ သေဆုံးခါနီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခြင်းနှင့် ပတ်သက်ပြီး ကမ္ဘာ့အဆင့် သတ်မှတ်ရာတွင် သုတေသန ထုတ်ပြန်ချက်တစ်ရပ်အရ အကောင်းဆုံးနိုင်ငံ နံပါတ်တစ်အဖြစ် ဗြိတိန်နိုင်ငံ ကိုဖော်ပြပြီး မြန်မာနိုင်ငံသည် အဆိုးဆုံးအဆင့် အောက်ခြေမှ ရေတွက်လျှင် အဆင့်လေးနေရာတွင် ရှိနေသည်။

နိုင်ငံပေါင်း ၈၀ ၏ ဘဝနောက်ဆုံးချိန် စောင့်ရှောက်မှုပေးခြင်းနှင့် ပတ်သက်ကာ Economist Intelligence Unit က သုတေသနပြုလုပ်ကာ စစ်တမ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သုတေသနအဖွဲ့အရ ချမ်းသာသည့် နိုင်ငံများက စောင့်ရှောက်မှုကောင်းမွန်စွာ ပေးနိုင်ကြပြီး အကောင်းဆုံး နိုင်ငံများစာရင်းတွင် ဗြိတိန်ပြီးလျှင် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့က အဆင့်နှစ်နှင့် အဆင့်သုံးတို့တွင် ရှိနေသည်။

အဆင်းရဲဆုံးနိုင်ငံများတွင်လည်း တစ်ချို့နိုင်ငံများသည် တိုးတက်မှုများ ရှိကြောင်း၊ ဥပမာအားဖြင့် မွန်ဂိုးလီးယားနိုင်ငံသည် ဆေးရုံဆေးပေးခန်းများတွင် ရင်းနှီးမြုပ်နှံတည်ဆောက်ခြင်းများဖြင့် အဆင့် ၂၈ သို့ ရောက်ရှိသလို ယူဂန္ဓာနိုင်ငံသည်လည်း အဆင့် ၃၅ တွင် ရှိခဲ့ကြောင်း သုတေသနပြုချက်က ချီးကျုးထားသည်။

ဆေးရုံများ၏ အရည်အသွေး၊ နာတာရှည်စောင့်ရှောက်မှုအခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းအရေအတွက်နှင့် အရည်အချင်း၊ ပြုစုစောင့်ရှောက်ပေးနိုင်မှုနှင့် စောင့်ရှောက်ရာအရည်အသွေးပိုင်းများကို စိစစ်ကာ အဆင့်သတ်မှတ်ချက် အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိပ်ပိုင်း အကောင်းဆုံး ဆယ်နိုင်ငံနှင့် အောက်ခြေအဆိုးဆုံး ဆယ်နိုင်ငံအဖြစ် ဇယားကိုလည်း ထုတ်ပြန်ထားရာတွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံဖြစ်သည့် အမေရိကန်သည် အကောင်းဆုံးဆယ်နိုင်ငံစာရင်းတွင် အဆင့်ကိုးတွင်ရှိနေပြီး တရုတ်နိုင်ငံက အဆိုးဆုံးအောက်ခြေနိုင်ငံစာရင်းတွင် အဆင့်တစ်ဆယ်တွင် ရှိသည်။

မြန်မာနိုင်ငံက အဆိုးဆုံးစာရင်း အောက်ခြေ နံပါတ်လေးနေရာတွင်ရှိကာ မြန်မာပြီးလျှင် နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများဖြစ်ကြပြီး အဆိုးဆုံးနိုင်ငံအဖြစ် အီရတ်နိုင်ငံကို ဖော်ပြထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly