ခွေးများကို မှတ်ပုံတင်ပြီး မွေးမြူကြရန် စမ်းချောင်းစည်ပင်အဖွဲ့ဝင် တိုက်တွန်း

ခွေးများကို မှတ်ပုံတင်ပြီး မွေးမြူကြရန် စမ်းချောင်းစည်ပင်အဖွဲ့ဝင် တိုက်တွန်း
တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတွင် မွေးမြူထားသော ခွေးများကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/EPA

ရန်ကုန်၊ မေ ၂၄ ။     ။ ပိုင်ရှင်မဲ့ခွေးအဖြစ် စည်ပင်ခွေးဂေဟာသို့ အပို့မခံရစေရန် ခွေးမှတ်ပုံတင် ဆောင်ရွက်ထားရှိသင့်သည်ဟု စမ်းချောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အဖွဲ့ဝင် (၁) ဦးညီညီမြင့်မြတ်က တိုက်တွန်း ပြောဆိုလိုက်သည်။

မကြာသေးမီက ကျောက်တံတားမြို့နယ်တွင် မြို့တော်စည်ပင်မှနေ၍  လေလွင့်ခွေးများကို သားဆက်ခြား၊ ဆေးထိုးခြင်းများပြုလုပ်ကာ ဂေဟာသို့ ပို့ဆောင်မှုများပြုလုပ်ခဲ့သည့်အပေါ် ရည်ညွှန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

 “ ဆိုလိုတာက တခြားမဟုတ်ပါဘူး။ ပိုင်ရှင်မဲ့ခွေးတွေ ဖြစ်မှာစိုးလို့၊ တကယ်လို့ အဆင်ပြေရင် မှတ်ပုံတင် ခိုင်းတာပေါ့။ ရှင်းလင်းရေး ဘာညာလုပ်ရင် နောက်မှ ပြဿနာရှာမှာစိုးလို့လေ။ အဲဒီသဘောပါ” ဟု ၎င်းက ဆိုသည်။

စမ်းချောင်းမြို့နယ်အတွင်း ခွေးကိုက်ခံရသည့်ဦးရေမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၁ ရာခိုင်နှုန်းကျော် အထိ ရှိနေသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။

လက်ရှိတွင် စမ်းချောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှနေ၍ သားဆက်ခြားနှင့်ခွေးရူးကာကွယ်ဆေးများ ထိုးခြင်းနှင့် လေလွင့်ခွေးများကို ဂေဟာပို့သည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန်ရှိနေသည်ဟုလည်း သိရသည်။

 “ ကိုယ်ပိုင်တယ်ဆိုတဲ့ခွေးခေါ်သွား မှတ်ပုံတင်လုပ်။ တကယ်လို့ရှင်းလင်းတဲ့နေရာမှာ အဲ့လိုခွေးတွေကို သိပြီးတော့ ဂေဟာ မပို့ဘူးပေါ့ သဘောကတော့။ ချန်ခဲ့မယ့်ပုံစံမျိုး၊” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွေးကောင်ရေ ၂ သိန်း ခန့်ရှိပြီး အိမ်မွေးခွေးအဖြစ် မှတ်ပုံတင် ထားသည့် ခွေးအကောင်ရေ ၆၀၀၀ ဝန်းကျင်ရှိသည်ဟု တိရိစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနစာရင်းများအရ သိရသည်။

 “ အိမ်မွေးခွေးဆိုရင် အသက် ၃ လကနေစပြီး ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး မဖြစ်မနေ ထိုးရတယ်။ ထိုးပြီးပြီဆို အိမ်မွေးခွေး မှတ်ပုံတင်ရတယ်။ ဒါပေမယ့် အဲဒါကလည်း သိပ်ပြီးတော့ မအောင်မြင်သေးဘူး။ တစ်ခရိုင်ကို ၁ဝဝဝနဲ့ ၂၀၀၀ ဝန်းကျင်ကြားနဲ့ ၄ ခရိုင်ကိုမှ  ၆၀၀၀ လောက်ပဲ ရှိသေးတယ်။ ရန်ကုန်တိုင်း တစ်ခုလုံးအနေနဲ့ဆိုရင် လူထုက သိပ်မသိသေးဘူးဆိုတဲ့သဘောပေါ့နော်” ဟု တိရိစ္ဆာန်ဆေးကုနှင့်သားသတ်ရုံ များဌာန ဒေါက်တာလှမေဦးက ဆိုသည်။

တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၏လုပ်ထုံးများအရ လမ်းဘေးခွေးနှင့် အိမ်မွေးခွေးဟူ၍ အမျိုးအစား (၂) မျိုး ခွဲခြားထားပြီး အိမ်မွေးခွေးများအား မှတ်ပုံတင်ရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လမ်းဘေးခွေးကို ကိုယ်ပိုင်ခြံဝန်း၊ နေရာများတွင် မွေးမြူပါက ကိုယ်ပိုင်ခွေးအဖြစ် သတ်မှတ်နိုင် ကြောင်း၊ လမ်းပေါ်တွင် လွှတ်ထားမရကြောင်း တိရိစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ သိရသည်။

ခွေးမှတ်ပုံတင်ခြင်းကို ရန်ကုန်မြို့၊ ၄၆ လမ်း၊ ၁၂ ထပ်ရုံးတွင် အချက်အလက်အပြည့်အစုံဖြင့် အခွန်ဆောင်ကာ လာရောက်ပြုလုပ်နိုင်သည်။

အဆိုပါ တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၏ လုပ်ငန်းလမ်းညွှန်ချက်တွင် “ ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးကို ထိခိုက်စေနိုင်သည့် ခွေးလေ ခွေးလွင့်၊ မြေကြွက်နှင့် ကျီးကန်းများကို သုတ်သင်ရှင်းလင်းခြင်း” ဟု၍ ပါရှိသော်လည်း တိရိစ္ဆာန်ချစ်သူများ၏ ကန့်ကွက်မှုများကြောင့် အဆိပ်ချ ရှင်းလင်းမည့်အစား သားဆက်ခြားထိန်းချုပ်ခြင်း နည်းလမ်းကို စည်ပင်မှ အသုံးပြုနေခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ ၄ သန်း ခန့်ရှိပြီး ၇၀ ရာခိုင်နှုန်းသည် ခွေးလေခွေးလွင့်များဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သူ ၇၀ ခန့်ရှိခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly