မေ ၂၄ ။ ။ အိန္ဒိယ အခြေစိုက် အခြေခံအဆောက်အအုံလုပ်ငန်းဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်သည့် Adani Ports and Special Economic Zone က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတားတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပရောဂျက်၏ ခန့်မှန်းကုန်ကျစရိတ် တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၂၉၀ မျှ ရှိမည်ဟု ခန့်မှန်းရသည်။
ရန်ကုန်ဆိပ်ကမ်း၌ အဆိုပါ ဆိပ်ခံတံတား တည်ဆောက် လည်ပတ်လုပ်ကိုင်မည့် သဘောတူညီချက်တစ်ရပ်ကို မေလ ၂၃ ရက်တွင် ကုမ္ပဏီက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဆိပ်ခံတံတား တည်ဆောက်မှု ပရောဂျက်ကို လာမည့် လတွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၂၀၂၁ ဇွန်လမတိုင်ခင် ပြီးစီးမည် ဖြစ်သည်။ ယင်းသည် အဆင့် နှစ်ဆင့် ဖြင့် ဖော်ဆောင်မည့် ပရောဂျက်ဖြစ်သည်။
“ ဒီ ပရောဂျက် ဖော်ဆောင်မှုအတွက် စုစုပေါင်း ကုန်ကျစရိတ်က ကန်ဒေါ်လာ ၂၇၅ သန်းကနေ ၂၉၀ သန်းအကြား ရှိပါလိမ့်မယ်၊ အရှေ့တောင်အာရှဒေသမှာ အခြေချလုပ်ကိုင်ဖို့၊ ကွန်တိန်နာ ဆိပ်ခံတံတား ကွန်ရက်ကို ချဲ့ထွင်ဖို့ ဆိုတဲ့ ကုမ္ပဏီရဲ့ မဟာဗျူဟာနဲ့အညီ ဒီီရင်းနှီးမြုှပ်နှံမှုကို ဖော်ဆောင်တာ ဖြစ်ပါတယ်” ဟု အိန္ဒိယ ကုမ္ပဏီက ထုတ်ပြန်ကြေညာသွားသည်။