မြိတ်တွင် တင်ဒါစာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း လျှပ်စစ်မဖြန့်ဖြူးပေးနိုင်သည့်ကုမ္ပဏီကို အရေးယူပေးရန် တောင်းဆို

မြိတ်တွင် တင်ဒါစာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း လျှပ်စစ်မဖြန့်ဖြူးပေးနိုင်သည့်ကုမ္ပဏီကို အရေးယူပေးရန် တောင်းဆို
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ မေ (၂၄) ။          ။ မြိတ်ဒေသတွင် လျှပ်စစ်မီး ဖြန့်ဖြူးနေသည့် ကုမ္ပဏီတစ်ခုမှ တင်ဒါစာချုပ်ပါ စည်းမျဉ်းစည်းကမ်း အတိုင်း လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ခြင်း မရှိ၍ စစ်ဆေးအရေးယူပေးနိုင်ရန် ဒေသခံများက တောင်းဆိုခဲ့သည်။

မေလ ၂၃ ရက်နေ့က ပြုလုပ်သော တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝန်ကြီးများနှင့် ပြည်သူလူထုများ တွေ့ဆုံပွဲ၌ မြို့ခံများက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မြိတ်မြို့တွင်ယခင်က မီးလင်းရေးအတွက် အဖွဲ့ ၉ ဖွဲ့ဖြင့် လျှပ်စစ်မီးကို ဖြန့်ဖြူးပေးခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန် ပိုင်းတွင် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ အထက်ပါ မီးလင်းရေး ၉ ဖွဲ့ကို အားလုံးရပ်နားစေပြီး ၄င်းတို့ကုမ္ပဏီ တစ်ခုတည်းသာ လက်ရှိအချိန်အထိ လျှပ်စစ်ကိုတာဝန်ယူ ဖြန့်ဖြူး ပေးနေခဲ့ခြင်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား မကြာခဏ၊ ပြတ်တောက်ခြင်း၊ မီးတာယူနစ်များ အဆမတန် မြင့် တက်ခြင်းနှင့် တင်ဒါ စည်းမျဉ်း စည်းကမ်းတွင် ပါဝင်သည့်အတိုင်း တစ်ယူနှစ်လျှင် ၂၆၀ ကျပ်ဖြင့် မပေးနိုင်ခြင်း အပေါ် စစ်ဆေး အရေးယူပေးနိုင်ရန် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ မြိတ်ခရီးစဉ်တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“သူတို့ သတ်မှတ်ထားတဲ့ တင်ဒါပါ စည်းမျဉ်း စည်းကမ်း အတိုင်း မပေးနိုင်လို့ ကျွန်တော်တို့ အရပ်ဖက် အဖွဲ့စည်းအနေနဲ့လည်း ဝန်ကြီးချုပ်ကို တွေ့ဆုံပြီးတိုင်ထားပါတယ်။ အစိုးရနဲ့ စာချုပ်ချုပ်ဆို ထားသော စည်းကမ်းကိုလည်း ချိုးဖောက်သလို၊ တင်ဒါ စည်းကမ်းကိုလည်း ချိုးဖောက်တဲ့ အတွက် အဲ့ဒါကို အမြန်ဆုံး စုံစမ်း စစ်ဆေး အရေးယူပေးပါလို့ တောင်းဆို လိုက်တာဖြစ်တယ်”လို့ မြိတ်အခြေစိုက် အရပ်ဖက်အဖွဲ့စည်းမှ ဦးလှမော်က ပြောသည်။

လက်ရှိတာဝန်ယူ လျှပ်စစ်မီးကို ဖြန့်ဖြူးနေသည့် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီ မီးလင်းရေးမှ တာဝန် ရှိသူများ ကလည်း လျှပ်စစ်မီး ပြတ်တောက်မှု မကြာခဏ ဖြစ်ပွားမှုနှင့် မီတာယူနှစ်များ ပိုတက်နေခြင်းမှာ ယခင်က တပ်ဆင်ထားသည့် လျှပ်စစ် တာဝါတိုင်းများတွင် အရည်သွေးကျဆင်းနေသည့် ကြိုးများ၊ ကြွေသီးများ ပေါက်ကွဲခြင်းနှင့် လျှပ်စစ် ဗို့အား အပြည့်အမီ ထုတ်လွှင့်ပေးနေခြင်းကြောင့် ယူနစ်များ တက်နေခြင်း ဖြစ်သည် ဟု ကုမ္ပဏီဘက်မှ တုန့်ပြန် ပြောဆိုထားသည်။

“ကျွန်တော်တို့ ဒီလကုန်ရင်တော့ တင်ဒါပါ အချက််အလက် အတိုင်း မီတာယူနှစ် တစ်ယူနှစ်လျှင် ၂၆၀ ကျပ်နဲ့ ပေးဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒါကလည်း သူတို့ ကုမ္ပဏီက လွှဲပြောင်း ရယူစဉ်က ပြောထားတဲ့ကတိ အတိုင်း ဖြစ်တယ်”လို့ မြိတ်ဒေသခံ ဦးထွန်းထွန်းဦးက ပြောဆိုသည်။

အဆိုပါ ကုမ္ပဏီသည် စာချုပ်ပါ စည်းမျဉ်းစည်းကမ်း အတိုင်း MIC မှ HFO နှင့် ခွင့်ပြုချက်မရသဖြင့် ဒီဇယ် ဆီဖြင့် ဓာတ်အားဖြန့်နေရခြင်းကြောင့် မီတာတစ်ယူနှစ်လျှင် ၃၈၀ ကျပ်နှုန်း ကောက်ယူနေခြင်း ဖြစ်သည်။

အထက်ပါ မြိတ်ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုအတွက် တနင်္သာရီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ခရီးစဉ်တွင်လိုက်ပါလာသော လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးအောင်သူရက “လုပ်ပိုင်ခွင့် ရရှိထားတဲ့ စာချုပ်ပါ စည်းမျဉ်း စည်းကမ်း အတိုင်း အချိန်မီအကောင်အထည် ဖော််နိုင်ခြင်း မရှိလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ လုပ်ပိုင်ခွင့်ကို ပြန်လည် ရုပ််သိမ်းပေးမည်”ဟု ပြည်သူလူထု ပြန်လည် တုန့်ပြန်ပြောဆိုလိုက်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly