ဗိုလ်ချုပ်ကြေးရုပ်တုရွှေ့ပြောင်းရေး ဆွေးနွေးရန် အရပ်ဖက်အဖွဲ့အစည်းများမှ ပြည်နယ်အစိုးရကို တိုက်တွန်း

ဗိုလ်ချုပ်ကြေးရုပ်တုရွှေ့ပြောင်းရေး ဆွေးနွေးရန် အရပ်ဖက်အဖွဲ့အစည်းများမှ ပြည်နယ်အစိုးရကို တိုက်တွန်း
ဓာတ်ပုံ- ကယားပြည်နယ် အစိုးရအဖွဲ့

ရန်ကုန် ၊ မေ ၂၄ ။             ။ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံအတွင်း၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ဂုဏ်သိက္ခာရှိစွာ ရွှေ့ပြောင်းရေးကို ဆွေးနွေးအဖြေရှာရန် ကယားပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို ကယားပြည်နယ်အတွင်းရှိအရပ်ဖက်လူမှုအဖွဲ့အစည်းများက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကယားပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့မှ အစည်းအဝေး ပြုလုပ်ပြီး ထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကာကွယ်ပေးရေးဥပဒေ ပုဒ်မ (၁၀) ဖြင့် တရားစွဲဆိုခံထားရသည့် ကရင်နီလူငယ် ၆ ဦး အား အမှုရုပ်သိမ်းပေးရန်နှင့် အပြုသဘောဆောင်သည့် တွေ့ဆုံညှိနှိုင်းအဖြေရှာမည့် နည်းလမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းပြောဆိုထားသည်။

“ကျွန်တော်တို့ဘက်ကတော့ တွေ့ဆုံညှိနှိုင်းရေးကို အမြဲလက်ခံတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကလည်း တွေ့ဆုံညှိနှိုင်းမှုကို လက်ခံမှလေ။ ကျွန်တော်တို့ကတော့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားမှာပါ” ဟု တရားစွဲဆိုခံထားရသူ ကရင်နီလူငယ်တစ်ဦးဖြစ်သည့် ကိုဒီးဒီးက မဇ္စျိမသို့ ပြောသည်။

ဒေသခံအများစုက ကန့်ကွက်မှုများ ပြုလုပ်နေသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိသည့်ကိစ္စကြောင့် ပြည်နယ်၏ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပြီး ဒေသခံပြည်သူလူထုအချင်းချင်းကြား ၊ အစိုးရနှင့် ပြည်သူလူထုကြား ယုံကြည်မှုပျက်ကာ ပဋိပက္ခများ ဖြစ်လာနိုင်သည်ဟု အရပ်ဖက်အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသည်။

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီပြည်လူငယ်အင်အားစုသပိတ်ကော်မတီတို့အကြား ဗိုလ်ချုပ်ကြေးရုပ် ကိစ္စကို  မေ ၁၄ ရက်နေ့၌ ဆွေးနွေးခဲ့ရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ်က ကြေးရုပ်တုကို မရွှေ့ပြောင်းပေးနိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ဆွေးနွေးပွဲ ပျက်ခဲ့သည်။

ယင်းနောက် မေ ၁၆ ရက်နေ့တွင် ကယားပြည်နယ်အတွင်း၌ အရေးကြီးကာလအဖြစ်သတ်မှတ်ခဲ့ပြီး နယ်မြေ လုံခြုံရေးနှင့် ရုံးလုံခြုံရေး အထူးဂရုစိုက်ဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ်ဖြစ်ပွားလာပါက တင်ပြရန် ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ထားခဲ့သည်။

ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူထားရှိမှုအပေါ် ကရင်နီလူငယ်အင်အားစုများမှ ဆန္ဒဖော်ထုတ်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ပြည်နယ်အစိုးရရုံး ၊ လွှတ်တော်ရုံး နှင့် ကြေးရုပ်တုအနီး တဝိုက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly