ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း အိန္ဒိယ ဝန်ကြီးချုပ် ကြေညာ၊ သာတူညီမျှတဲ့ အနာဂတ် တည်ဆောက်မယ်လို့ သံန္ဒိဌာန် ချ

ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း အိန္ဒိယ ဝန်ကြီးချုပ် ကြေညာ၊ သာတူညီမျှတဲ့ အနာဂတ် တည်ဆောက်မယ်လို့ သံန္ဒိဌာန် ချ

နယူးဒေလီ၊ မေ ၂၃ ။                 ။ အိန္ဒိယ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း မေ ၂၃ ရက်မှာ အတည်ပြုကြေညာပြီး သာတူညီမျှတဲ့ အနာဂတ်ကို တည်ဆောက်သွားမယ်လို့ သံန္ဒိဌာန်ချ ပြောဆိုပါတယ်။
မဲရေတွက်မှုတွေအရ မိုဒီရဲ့ BJP ပါတီဟာ သောင်ပြိုကမ်းပြို အနိုင်ရဖို့ ကျိန်းသေသလောက် ရှိချိန်မှာ မိုဒီက ကြေညာလာတာပဲ ဖြစ်ပြီး မိုဒီကို ထောက်ခံသူတွေက ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပါတယ်။

ရေတွက်ပြီးသလောက် မဲရလဒ်အရ မိုဒီရဲ့ BJP ပါတီဟာ အောက်လွှတ်တော်က ရွေးကောက်ခံအမတ်နေရာ ၅၄၃ နေရာမှာ ၃၀၀ နီးပါး အနိုင်ရထားပြီလို့ ရွေးကောက်ပွဲကော်မရှင်အရ သိရပါတယ်။
ဒီ ရလဒ်ဟာဆိုရင် ၂၀၁၄ ရွေးကောက်ပွဲထက် သာလွန်ပြီး အဓိကပြိုင်ဖက် Congress ပါတီရဲ့ မျှော်လင့်ချက်တွေကို နောက်လန်သွားစေတာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အတူတကွ ကြီးပြင်းကြတယ်။ အတူတကွ အောင်မြင်ဖြစ်ထွန်းကြတယ်။ အတူတူ အင်အားကို တည်ဆောက်ပြီး သာတူညီမျှမှု ရှိတဲ့ အိန္ဒိယကို တည်ဆောက်သွားကြမယ်။ အိန္ဒိယရဲ့ အောင်ပွဲ တစ်ကျော့ပြန်လာပြီ။”လို့ မိုဒီက တွစ်တာကနေ ရေးသားပါတယ်။

ဝေဖန်သူတွေကတော့ BJP ပါတီဟာ အိန္ဒိယက ဘာသာရေးလူနည်းစုတွေကို ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲထားကြတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ မွတ်စလင်ဦးရေဟာ သန်း ၁၇၀ ရှိထားတာ ဖြစ်ပါတယ်။
မိုဒီရဲ့ လက်ထက်မှာ မွတ်စလင်တွေနဲ့ ဇာတ်နိမ့်တွေကို အမဲသား စားတာ၊ သတ်ဖြတ်တာတွေအတွက် လူအုပ်စုက သတ်ဖြတ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags