အာရှထိပ်သီးအသင်းများနှင့် ရင်ဆိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်း

အာရှထိပ်သီးအသင်းများနှင့် ရင်ဆိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်း
ဓာတ်ပုံ - MFF

ရန်ကုန်၊ မေ ၂၃ ။                    ။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းပါဝင်ယှဉ်ပြိုင်မည့် AFC U19 Championship 2019 Thailand ပြိုင်ပွဲ၏ အုပ်စုနှင့် ပွဲစဉ်ဇယားကို အာရှ ဘောလုံး အဖွဲ့ချုပ်ကထုတ်ပြန်ကြေညာခဲ့ရာ မြန်မာအသင်းအနေဖြင့် အာရှထိပ်သီးအသင်းများနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အာရှ အမျိုးသမီး ယူ၁၉ ချန်ပီယံရှစ် နောက်ဆုံး အဆင့်ပွဲစဉ်များ AFC U19 Championship 2019 Thailand တွင်ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ အုပ်စုနှင့် ပွဲစဉ်ဇယားကို အာရှ ဘောလုံး အဖွဲ့ချုပ်က မေလ ၂၃ရက် (ယနေ့)မှာ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။

အုပ်စုမဲခွဲမှုအရ မြန်မာ အမျိုးသမီး ယူ၁၉ အသင်းဟာ အုပ်စု(ခ)မှာ အာရှအင်အားကြီး အသင်းများဖြစ်ကြသော ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား တို့နဲ့အတူကျရောက်နေတာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်များကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မြန်မာအမျိုးသမီး အသင်း ပွဲစဉ်များကို IPE Chonburi Stadium မှာကျင်းပမှာ  ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းဟာ ၂၀၁၉ ဧပြီလအတွင်းက မန္တလာသီရိကွင်းမှာ ကျင်းပခဲ့တဲ့ ခြေစစ်ပွဲစဉ်များမှာ ဥဇဘတ်ကစ္စတန် အသင်းကို (၁-၀)ဂိုး၊ နီပေါအသင်းကို (၂-၁)ဂိုး တို့နဲ့ အနိုင်ရခဲ့ပြီး သြစတြေးလျအသင်းကိုမူ (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။ အုပ်စု ပွဲစဉ် ၃ ပွဲအနက် နှစ်ပွဲနိုင် တစ်ပွဲရှုံး ရမှတ် ၆ မှတ်နဲ့ အုပ်စု ဒုတိယ နေရာမှ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အာရှ အမျိုးသမီး ယူ၁၉ ချန်ပီယံရှစ် နောက်ဆုံးအဆင့် အုပ်စုများ ခွဲဝေမှုအရ အုပ်စု(က)မှာတော့ အိမ်ရှင် ထိုင်းအသင်းဟာ မြောက်ကိုရီးယား၊ သြစတြေးလျ ၊ ဗီယက်နမ်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly