သီရိလင်္ကာ ဗုံးခွဲသူများနှင့် ဆက်စပ်သူဟု သံသယရှိသူ မြန်မာနိုင်ငံတွင် ခြေရာပျောက်နေ

သီရိလင်္ကာ ဗုံးခွဲသူများနှင့် ဆက်စပ်သူဟု သံသယရှိသူ မြန်မာနိုင်ငံတွင် ခြေရာပျောက်နေ

နေပြည်တော်(မေလ ၂၃ရက်၊ ၂၀၁၉ခုနှစ်)။    ။ သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် ဖမ်းဆီးရမိသော တရားခံများနှင့် ဆက်စပ်ပါဝင်သူများအနက် သံသယဖြစ်ဖွယ် နိုင်ငံခြားသားတစ်ဦးသည် မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည်ဟု သတင်းရရှိ၍ ရဲတပ်ဖွဲ့က စုံစမ်း၊  ရှာဖွေလျက် ရှိနေသည်။

အဆိုပါ သတင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထဲရေးသို့ ပေးပို့လာခြင်းဖြစ်ပြီး လတ်တလောတွင် အဆိုပါ နိုင်ငံခြားသားကို ရှာမတွေ့သေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက မေလ ၂၃ရက်၊ မွန်းလွဲ ၂နာရီတွင် မဇ္ဈိမကို အတည်ပြုသည်။

“နိုင်ငံခြားရေးကနေတစ်ဆင့် ပြောတဲ့သတင်းပဲ ဖြစ်ပါတယ်။ ထူးခြားမှု မရှိသေးပါဘူး” ဟု ဦးခိုင်ထွန်းဦးက ပြောသည်။

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ နီဂွမ်ဘိုမြို့နှင့် ဘတ်ကီကာလေမြို့များတွင် ဧပြီလ ၂၁ရက်က ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှုတိုက်ခိုက်မှုဖြစ်စဉ်နှင့် ဆက်စပ်သည့် သံသယဖြစ်ဖွယ် နိုင်ငံခြားသားတစ််ဦးသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁၆ရက်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီး ပြန်လည်ထွက်ခွာမှု  မရှိသေးသဖြင့် စိစစ်ပေးရန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံ အကြောင်းကြားထားသည်။

၎င်း၏ နေထိုင်ခွင့် သက်တမ်းမှာ (၁)နှစ်နှင့် (၂)လ ကျော်လွန်နေပြီဟုလည်း အကြောင်းကြားစာတွင် ရေးသားထားသည်။

 Jet Star လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ်(3K-583)ဖြင့် ရန်ကုန်လေဆိပ်သို့ ဝင်ရောက်လာသော ပတ်စ်ပို့စ်နံပါတ် N 5467645 ကိုင်ဆောင်ထားသည့် အသက် ၃၉နှစ်အရွယ် Mr.Abdut Salam Irshadmohmood သည် ဟိုတယ်/တည်းခိုရိပ်သာ များတွင် နေထိုင်ခြင်း ရှိ၊ မရှိ စိစစ်ပေးရန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

 ထို့ကြောင့် အဆိုပါ နိုင်ငံခြားသားသည် ဝန်ကြီးဌာနလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် ဟိုတယ်/တည်းခိုရိပ်သာများတွင် တည်းခိုနေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ပြီး ဆောလျင်စွာ အကြောင်းပြန်ကြားရန် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန(ပုဂံရုံးခွဲ)က သက်ဆိုင်ရာ ဟိုတယ်များသို့ မေလ ၂၂ရက်တွင် အကြောင်းကြားထားသည်။

“ဟိုတယ်တွေကတော့ မနေ့က စာထုတ်တာဆိုတော့ သူတို့ Check လုပ်နေမှာပေါ့ဗျာ။ ဒါပေမယ့် ပုဂံမှာ ဝင်သွားတယ်ဆိုတဲ့ သတင်းကတော့ မဟုတ်ပါဘူး။ ဒီမှာ တည်းခိုသွားတဲ့ အထောက်အထားတော့ မရှိပါဘူး” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်မျိုးလတ်က မဇ္ဈိမကို ပြောသည်။

သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုတွင် သေဆုံးသူ လူဦးရေ ၂၅၃ဦးအထိ ရှိခဲ့ပြီး လူ ၅ဝဝကျော်  ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို အမျိုးသမီးတစ်ဦး အပါအဝင် အသေခံ ဗုံးခွဲသမား ၉ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်မူ နိုင်ငံတစ်ကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ််စဉ်များနှင့် ပတ်သက်ပြီး သတိထားရန် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများကို ညွှန်ကြားထားသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမကို ပြောသည်။

“သီရိလင်္ကာ ဗုံးပေါက်ကွဲမှုပြီးတော့ သတင်းထွက်လာတာ ရှိတယ်။ မလေးရှားရဲချုပ်ကနေပြီးတော့ IS အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ပြောတာရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးသတိရှိဖို့ ဆောင််ရွက်နေကျလုပ်ငန်းတွေအတိုင်း အကုန်လုံး ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

IS အကြမ်းဖက်အဖွဲ့က ဖိလစ်ပိုင်တောင်ပိုင်းနှင့် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်သို့ ဝင်ရောက်ရန် မလေးရှားနိုင်ငံ Sabah ပြည်နယ်ရှိ Tawau နဲ့ Sandakan ဒေသကို စုရပ်အဖြစ် ရွေးချယ်ထားသည်ဟု မလေးရှားရဲမင်းကြီး Tan Sri Mohamad Fuzi Harun က ဧပြီ ၂၅ရက်တွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly