ဖော်မြူလာဝမ်းချန်ပီယံဟောင်း နီကီ လော်ဒါ ကွယ်လွန်

ဖော်မြူလာဝမ်းချန်ပီယံဟောင်း နီကီ လော်ဒါ ကွယ်လွန်
Photos: EPA

ဖော်မြူလာဝမ်းဂန္တဝင် ကားမောင်းသမားဟောင်း နီကီလော်ဒါဟာ အသက် (၇၀)အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သူ့မိသားစုက အင်္ဂါနေ့အစောပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

"ကျနော်တို့ ချစ်ရတဲ့ နီကီဟာ မေလ ၂၀ ရက်၊ တနင်္လာနေ့က သူ့မိသားစုကို ထားရစ်ပြီး ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ကြောင်း ကျနော်တို့ ဝမ်းနည်းစွာ ကြေညာပါတယ်။"လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

သြစတြီးယားကားမောင်းသမားဟောင်းဟာ အဆုတ်အစားထိုးခွဲစိတ်ကုသခံယူပြီးနောက် (၈)လအကြာ အခုလို ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

လော်ဒါဟာ Motor Racing သမိုင်းရဲ့ အကောင်းဆုံးကားမောင်းသမားထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ၁၉၇၅၊ ၁၉၇၇ ခုနှစ်တွေမှာ ဖာရာရီ၊ ၁၉၈၄ ခုနှစ်မှာ မက္ကလာရင်အသင်းတွေနဲ့ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆု (၃)ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လော်ဒါဟာ ၁၉၇၆ ဂျာမန်ဂရင်းပရီပွဲစဉ်အတွင်း သူ့ရဲ့ ကားမောင်းသမားဘဝ ဆိုးရွားတဲ့ မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ပြီး မျက်နှာ၊ လက်တွေမှာ မီးလောင်ကျွမ်းခဲ့သလို အဆိပ်အတောင်အငွေ့ကြောင့် အဆုတ်တွေ ထိခိုက်ပျက်စီးတဲ့အထိ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။

သူဟာ ဆေးရုံမှ မသေခင် ဘာသာရေးအရ ဆုတောင်းပေးခံရပေမယ့် အံ့အားသင့်ဖွယ် ပြန်လည်ကောင်းမွန်လာပြီး ရက် (၄၀)သာအကြာမှာ ပြိုင်ပွဲထဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါဟာ အားကစားသမိုင်းမှာ အရဲရင့်တဲ့ လုပ်ဆောင်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

လော်ဒါဟာ ကားမောင်းကစားသမားဘဝမှ အနားယူပြီးနောက် Lauda Air ဆိုတဲ့ လေကြောင်းလိုင်း တည်ထောင်ခဲ့ပြီး မာစီဒီးစ် F1 အသင်းမှာလည်း ၂၀၁၂ ခုနှစ်ကတည်းက အမှုဆောင်မဟုတ်တဲ့ ဥက္ကဋ္ဌတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly