သင်ရိုးသစ် Grade(6)နှင့် Grade(3) သင်တန်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဆရာ၊ ဆရာမ ၁၁ ဦး သေဆုံး

သင်ရိုးသစ် Grade(6)နှင့် Grade(3) သင်တန်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဆရာ၊ ဆရာမ ၁၁ ဦး သေဆုံး
ဓာတ်ပုံ - EPA

နေပြည်တော်၊ မေ ၂၂ ။          ။ မြန်မာတစ်နိုင်ငံလုံးရှိ အလယ်တန်းအဆင့် သင်ရိုးသစ် Grade(6)နှင့် Grade(3) သင်တန်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိချိန်ထိ ဆရာ၊ ဆရာမ ၁၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ သည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

သင်တန်းလာစဉ် ဆိုင်ကယ်၊ ကား မတော်တဆမှုကြောင့် သေဆုံးခြင်း၊ သင်တန်းမှအိမ်အပြန် လယ်ထဲသို့ သွားရောက်ရာမှ မိုးကြိုးထိမှန်သေဆုံးခြင်း၊ အပူရှပ်ခြင်းကြောင့် သေဆုံးခြင်း၊ နှလုံးရောဂါဖြင့် သေဆုံးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါကြောင့်သေဆုံးခြင်း၊ လေးဘက်နာပိုး၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် နှလုံးရောင်ရောဂါတို့ဖြင့် သေဆုံးခြင်း ၊ သင်တန်းတည်းခိုဆောင်တွင် ရုတ်တရက် မူးလဲ၍ သေဆုံးခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။

“အခုလောလောဆယ်ကတော့ ဒဏ်ရာ ရတာရော၊ ဆုံးတာရောဆိုရင် အားလုံးဆိုရင် ၁၇ ယောက်ရှိပါတယ်။ ဒဏ်ရာရတာ ၆ ယောက်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တေ်ာတို့ ဒီအရေအတွက်လောက်ကို မဖြစ်စေချင်ပါဘူး။ တစ်ယောက်မှကို ကျွန်တော်တို့ မဖြစ်စေချင်ဘူး။ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သင်တန်းအကြီးကြီး လုပ်ရတဲ့အခါမှာ ဒီလောက်ထိခိုက်မှုဟာ ကျွန်တော်တို့အနေနဲ့ဆိုရင် ဒါ တော်တော်ကို များနေပြီလို့ ကျွန်တေ်ာတို့ တွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့က တစ်ယောက်မှကို မဖြစ်စေချင်ဘူး။ ဒီအတွက် လိုအပ်တဲ့ကာကွယ်မှုတွေကိုလည်း နောက်နှစ်ဆိုရင်လည်းပိုပြီးတော့ ဒါ ကြိုးစားပြီး ဆောင်ရွက်မယ််”ဟု ဦးကိုလေးဝင်းက ပြောသည်။

ယနေ့ မေ ၂၂ရက်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အခြေခံပညာဦးစီး ဌာနမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

သေဆုံးခဲ့သည့် ဆရာ၊ ဆရာမများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်သူများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကူညီထောက်ပံ့မှုများကိုလည်း ပြုလုပ်ခဲ့ပြီး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်လည်း ပူးပေါင်းကာ သင်တန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ခဲ့ပေမယ့် အချို့နေရာများတွင် လစ်ဟင်းမှုများရှိခဲ့ကြောင်းကိုလည်း ဦးကိုလေးဝင်းက ဆက်လက်ပြောသည်။

“မြန်မာတစ်နိုင်ငံလုံးမှာ ရှိသမျှ Center တိုင်းမှာ တချို့စင်တာတွေ လစ်ဟင်းတာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါက တော့ ကျွန်တော် ပွင့်ပွင့်လင်းလင်း ဝန်ခံတာပါ။ တစ်နိုင်ငံလုံးမှာ အကုန် Cover ဖြစ်တယ်။ Perfect ဖြစ်တယ် လို့ ကျွန်တော် မပြောပါဘူး။ ရှိနိုင်ပါတယ်။ တချို့က ဆေးရုံနဲ့ နီးတဲ့အတွက်ကြောင့် ဒီမှာ လာမဖွင့်ဘူး ။ သင်တန်းမှာ လာမဖွင့်ဘူး ။ နီးရင် ဆေးရုံကိုတော့ ဖုန်းဆက်လိုက်ပါ။ အချိန်မရွေး လာကြည့်ပါမယ် ဆိုတဲ့ နေရာလည်း ရှိပါတယ်။ ဒါ ရန်ကုန်တို့၊ဘာတို့လည်း ဒီတိုင်းပါပဲ။ အဲဒီတော့၊ အဲဒါတွေ အကုန်လုံးကတော့ ပြောပြီးသားပါ။ ပြည်ထောင်စုဝန်ကြီးရော၊ ကျွန်တော်ရော ပြောပြီးသားပါ။ အသက်ကြီးတဲ့ ဆရာကြီး ၊ ဆရာမကြီးများ ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။ အရမ်းကြီး ထပြီးတော့ မလုပ်ပါနဲ့။ တစ်ခုခုဖြစ်မှာစိုးလို့ ဒါ ကျွန်တေ်ာတို့က လမ်းညွှန်ပြီးသား ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

သေဆုံးခဲ့သည့်နေရာဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မြောက်ဦးမြို့၊ ရခိုင်ပြည်နယ် အလက-စဖိုးသာကျေးရွာ၊ ကျောက်တော်မြို့နယ်၊ ခရမ်းမြို့၊ မွန်ပြည်နယ် သထုံမြို့၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ပဲခူးတိုင်း အနောက်ပိုင်းတို့မှ ဆရာ၊ ဆရာမများဖြစ်ကြသည်။

“ဖြစ်တာတွေကတော့ အပူဒဏ်ကြောင့် တချို့ ဆီးချို၊ သွေးတိုးရှိတဲ့ အသက်ကြီးတဲ့ ဆရာကြီးတွေပေ့ါလေ။ အပူဒဏ်ကြောင့်လို့တော့ မဟုတ်ပါဘူး။ အပူကြောင့်ဆိုရင် ၂ မျိုး ရှိတယ်။ အပူစုပ်ယူခြင်းဆိုတာ အပူကြောင့် ချွေးတွေ တအားထွက်ပြီးတော့မှ အရမ်းပင်ပန်းလွန်းတယ်။ ကျွန်တေ်ာတို့လည်း တစ်ခါတလေကျ ချွေးတွေ တအားကြီးထွက်တယ်ဆိုရင် ဓာတ်ဆားရည်တွေ ဘာတွေ မသောက် လိုက်ရဘူးဆိုရင် နည်းနည်းနုံးတာပေါ့။ နောက်တစ်ခုက အပူကြောင့် သတိလက်လွတ် တစ်ခါတည်း သတိမေ့မြောပြီး သတိလစ်သွားတာ။ အဲဒီလို ဖြစ်တာက တစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် တချို့သွေးတိုးကြောင့် အဲ့လိုမျိုး ဒါပေမယ့် စာသင်ခန်းထဲမှာ Physical Education လုပ်လို့ သင်တန်းတက်ရင်း ဆုံးသွားတာတော့ မရှိသေးပါဘူး”ဟု ၄င်းက ဆက်ပြော သည်။

Grade (6)နှင့် Grade (3) သင်ရိုးသစ်ကို ယခုနှစ် မေ ၁ဝရက် မှ ၂၄ ရက်အထိ နှစ်ပတ်ကြာ တစ်နိုင်ငံလုံးရှိ အလယ်တန်းပြ ဆရာ၊ဆရာမများကို သင်တန်းပေး ပို့ချနေခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် Kg+12 ပညာရေး စနစ်သစ်ကို ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် တွင် စနစ်တစ်ခုလုံး ပြီးမြောက်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required