စမ်းချောင်း မြေအောက်မြောင်းရှင်းလင်းရာတွင် အမှိုက်ကား ၂၉ စီးစာခန့်အထိ ဆယ်ယူရရှိထား

စမ်းချောင်း မြေအောက်မြောင်းရှင်းလင်းရာတွင် အမှိုက်ကား ၂၉ စီးစာခန့်အထိ ဆယ်ယူရရှိထား

ရန်ကုန်၊ မေ ၂၂ ။       ။ စမ်းချောင်းမြို့နယ်အတွင်းရှိ မြေအောက်မြောင်းအတွင်းမှ ဆယ်ယူရရှိထားသည့်အမှိုက်ပမာဏသည်  ၈ ရက် အတွင်း အမှိုက်သယ်ကား ၂၉ စီးခန့် ပမာဏခန့်ရှိနေပြီ ဖြစ်ကြောင်း စမ်းချောင်းမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီမှ  ရေစီးရေလာအဖွဲ့ခေါင်းဆောင် အောင်ကိုမင်းက မဇ္စျိမကို ပြောသည်။

“ စည်းကမ်းမရှိဘဲ သူတို့အတွက်ကတော့ အမှိုက်ပစ်တာလွယ်တယ်ဆိုပေမယ့် ကျွန်တော်တို့အတွက်က တကယ်လုပ်ငန်းလုပ်ရတာ အလုပ်သမားတွေရဲ့ အသက်အန္တရာယ်ကျရောက်နိုင်တဲ့အထိကို လုပ်နေရတယ်ဗျ” ဟု စမ်းချောင်းမြို့နယ်၊ စည်ပင်သာယရေးကော်မတီ၊ ရေစီးရေလာအဖွဲ့ခေါင်းဆောင် အောင်ကိုမင်းက ပြောသည်။

ပြီးခဲ့သည့် မေ ၁၅ ရက်မှ စတင်ကာ ၁၅ ပေအနက်ရှိ အကျယ် ၈ ပေပတ်လည်ရှိ မြေအောက်မြောင်းအတွင်းမှ အမှိုက်များကို စည်ပင်သာယာဝန်ထမ်းများက ဆယ်ယူနေခြင်း ဖြစ်ပြီး အမှိုက်ထုသည် ၂ ပေမှ ၄ ပေအထိ ရှိနေကြောင်း ဆယ်ယူနေသူများထံမှ သိရသည်။

လက်ရှိတွင် မြေအောက်ရေမြောင်းအတွင်း ရေဆိုးများ ဒူးဆစ်အထိ ရှိပြီး အချို့နေရာများတွင် ရင်ခေါင်းအထိ ရေဆိုးများ ပြည့်ပိတ်နေသည်ကို ယင်းနေရာရှိ မဇ္ဈိမသတင်းထောက်က တွေ့မြင်ခဲ့ရသည်။

“ ရဲဘော်ရဲဘက်ညီအကိုတွေပေါ့ ဝင်ရောက်ပြီးလုပ်တဲ့နေရာ အဲဒီ ၄ ပေထုလောက်အပေါ်မှာ သူတို့ အိပ်လို့ တောင် ရတယ်။ ခုန်လို့ရတယ်။ ဆော့လို့ရတယ်။ ထုရဲ့အနေအထားက အဲဒီလောက်ဖြစ်နေတယ်” ဟု စမ်းချောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် (၁) ဦးညီညီမြင့်မြတ်က ပြောသည်။

တာဝန်ကျ စည်ပင်ဝန်ထမ်းများအနေဖြင့်  ပေ ၁၆၀၀ အရှည်ရှိ မြေအောက်ရေမြောင်းအတွင်း မေ ၂၂ ရက် အထိ ပေ ၁၀၀၀ ခန့်နေရာအထိ ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း စည်ပင်သာယာထံမှ သိရသည်။ အဆိုပါမြောင်း ရှင်းလင်းသွားသည်အထိ အမှိုက်များဆယ်ယူသွားမည်ဟုလည်း ထပ်မံသိရသည်။

ယင်း မြေအောက်ရေမြောင်းသည် ရန်ကုန်မြို့နေရာအနှံ့တွင် ယခင်အင်္ဂလိပ်လက်ထက်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး မိုးရာသီ ရေမကြီးစေရန် စမ်းချောင်းမြို့နယ်အောက်ရှိ ရေမြောင်းကို ပထမဆုံးရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် စွန့်ပစ်အမှိုက်များကို မြေအောက်မြောင်းများသာမက ချောင်းများ၊ မြစ်များ၊ နောက်ဖေးလမ်း ကြားများတွင် အလွယ်တကူ စွန့်ပစ်မှုများကြောင့် ယခုလို ပိတ်ဆို့နေခြင်း ဖြစ်သည်။

စမ်းချောင်းမြို့နယ်အပါအဝင် အချို့မြို့နယ်များတွင် မိုးရာသီ၌ ရေကြီးရေလျှံမှုများ ရှိနေသေးသောကြောင့် စည်ပင်သာယာမှ ယခုကဲ့သို့ ရှင်းလင်းနေခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly