တီရဲလ်ထန်ကို အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာစေနိုင်သည့် အချက် ၅ ချက်

တီရဲလ်ထန်ကို အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာစေနိုင်သည့် အချက် ၅ ချက်

ONEChampionship ၏ မြန်မာကစားသမား တစ်ဦးဖြစ်သော“Dragon Leg” တီရဲလ်ထန် သည် ၎င်း၏ ပထမဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံ ပရော်ဖက်ရှင်နယ်တွဲဆိုင်းကို ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပခဲ့သောONE:Reign of Valor ပြိုင်ပွဲကြီးတွင် စတင် ယှဉ်ပြိုင်ခဲ့သည်။
 

အဆိုပါပွဲကိုအနိုင်ရလဒ်ဖြင့်ဖွင့်လှစ်ခဲ့သည့်ချင်းလူမျိုးတီရဲလ်ထန်သည်ONEChampionshipတွင်အောင်မြင်မှုကြီးကြီးမားမားရရန်ရည်မှန်းချက်ထားပြီးအပြင်းအထန်ကြိုးစားလျက်ရှိသည်။တီရဲလ်ထန်အနေဖြင့်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားလောကတွင် အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာစေရန် အောက်ပါအချက်များက ပံ့ပိုးပေးလျက် ရှိသည်။

ကောင်းမွန်သည့် ကိုယ်ခံပညာ အခြေခံချင်းပြည်နယ်ရှိ ဟားခါးမြို့တွင် မွေးဖွားခဲ့သည့် တီရဲလ်ထန်သည်အသက် ၆ နှစ် အရွယ်ကတည်းက နပမ်းပညာကို စတင်ထိတွေ့ခဲ့သူ ဖြစ်သည်။ ရိုးရာနပမ်းပွဲများတွင်လူငယ်အချင်းချင်း ခွန်အားချင်း ယှဉ်ပြိုင်ကစားကြသည်မှာ ချင်းလူမျိုးတို့၏ ဓလေ့ထုံးစံ တစ်ခုဖြစ်သောကြောင့် တီရဲလ်ထန်သည် ငယ်စဉ်ကတည်းက ကိုယ်ခံပညာ အခြေခံရခဲ့သည်ဟု ဆိုနိုင်သည်။

ကိုယ်ခံပညာအားကစားတွင် ပါရမီပါသည့် တီရဲလ်ထန်သည် ၎င်းတို့ဒေသတွင် အကောင်းဆုံးနပမ်းသမားများထဲမှတစ်ဦးဖြစ်လာခဲ့ပြီးချင်းပြည်နယ်ချန်ပီယံ၄ကြိမ်ဖြစ်ခဲ့သည်။၎င်း၏အသက်၁ဝနှစ်တွင်မိဘများကအမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သဖြင့် အနောက်တိုင်း နပမ်းပညာကို လေ့လာခွင့်ရခဲ့သည်။

တီရဲလ်ထန်သည်ကျောင်းပေါင်းစုံအလွတ်တန်းနှင့်ဂရီကိုရိုမန်နပမ်းပြိုင်ပွဲတွင်နယူးယောက်ပြည်နယ်ချန်ပီယံဖြစ်ခဲ့ပြီးကိုယ်ခံပညာသိုင်းပေါင်းစုံနှင့်အခြားကိုယ်ခံပညာများကိုလည်းလေ့လာခဲ့ကာတိုက်ကွမ်ဒိုတွင်ခါးပတ်နက်ရရှိခဲ့သည်။ ထို့နောက်တွင် မိသားစု အတွက် ဝင်ငွေကောင်းသည့် အလုပ်တစ်ခုကို ရှာဖွေလုပ်ကိုင်ခဲ့ရသဖြင့် ကိုယ်ခံပညာအားကစားများနှင့်နှစ်အတန်ကြာ အဆက်ပြတ် ခဲ့ပြီးမှ အောင်လအန်ဆန်နှင့် တွေ့ကာ ဆုံးဖြတ်ချက်ပြောင်းခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ငယ်စဉ်ကတည်းက တောက်လျှောက် လေ့လာလိုက်စားခဲ့သည့် ကိုယ်ခံပညာအခြေခံများက တီရဲလ်ထန်ကို အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်အောင် ပံ့ပိုးပေးနိုင်သည့် အချက်တစ်ချက် ဖြစ်သည်။

ပြင်းပြခိုင်မာသော စိတ်ဓာတ်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားတစ်ဦးအတွက် ကြိုးဝိုင်းထဲတွင်ရော၊ လေ့ကျင့်ရေးတွင်ပါ အဓိကလိုအပ်သည့် အရာမှာ ခိုင်မာသော စိတ်ဓာတ်နှင့် ပြတ်သားသော ဆုံးဖြတ်ချက်များ ဖြစ်ကြသည်။ တီရဲလ်ထန်သည် ငယ်စဉ်ကတည်းက နပမ်းပြိုင်ပွဲများတွင် ၎င်း၏ စိတ်ဓာတ်ခိုင်မာမှုကို ချန်ပီယံဆုများဖြင့် သက်သေပြခဲ့ပြီး ဖြစ်သည်။

အခြေအနေအရ ကိုယ်ခံပညာ အားကစားများနှင့် ခေတ္တအဆက်ပြတ်သွားခဲ့သော်လည်းအောင်လအန်ဆန်နှင့်တွေ့ဆုံသည့် အခါတွင် ပြတ်သားသည့် ဆုံးဖြတ်ချက် တစ်ခုကို ချနိုင်ခဲ့သည်။ ယင်းမှာဝင်ငွေကောင်းသည့်အမြဲတမ်း အလုပ်ကို စွန့်လွှတ်လိုက်ကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားလောကထဲ ခြေစုံပစ်ဝင်ခဲ့ခြင်း ဖြစ်သည်။ဘုရင့်နောင်ဖောင်ဖျက်သည့်ဥပမာကဲ့သို့အခြားရွေးချယ်မှုအားလုံးကိုစွန့်လွှတ်ပြီးရွေးချယ်ခဲ့သည့်တစ်ခုတည်းသော ရည်မှန်းချက်အတွက် တီရဲလ်ထန်သည် အပြင်းအထန် လေ့ကျင့်ယှဉ်ပြိုင်ရုံမှလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။ ထိုသို့ ယင်းသို့ စိတ်ဓာတ် ခိုင်မာမှုကလည်း ၎င်း အကောင်းဆုံး ကစားသမား ဖြစ်လာစေရန် ပံ့ပိုးပေးနေသည်။

ပြင်းထန်သော လေ့ကျင့်မှု

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တီရဲလ်ထန်သည် ၎င်း၏ အလုပ်အကိုင်ကိုပါစွန့်လွှတ်ပြီး ရွေးချယ်ခဲ့သည့် ရည်မှန်းချက် အတွက် လေ့ကျင့်မှုများ အပြင်းအထန် ပြုလုပ်လျက်ရှိသည်။ ၎င်း လက်ရှိ လေ့ကျင့်နေသည့် Hard Knock 365 အားကစားရုံသည် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်တွင် တည်ရှိကာ ကမ္ဘာကျော် အားကစားသမား အမြောက်အမြားကို လေ့ကျင့်ပေးနေသည့် နေရာဖြစ်သည်။

ONE Championship ၏ လက်ရှိချန်ပီယံများဖြစ်ကြသော အောင်လအန်ဆန်၊MartinNguyen စသူတို့လည်း ယင်းအားကစားရုံ တွင်ပင် လေ့ကျင့်နေသည်။နည်းပြများ ဖြစ်ကြသည့် Kami Barzini၊ Tony Villani၊ Greg Jones၊ Henri Hooft တို့သည် အားကစား လောကတွင် နာမည်ကျော်ကြားသူများ ဖြစ်ကြပြီး ကစားသမားများ၏ အကောင်းဆုံး အရည်အသွေး ရရှိအောင်မည်သို့လေ့ကျင့်ပေးရမည်ဆိုသည်ကိုကောင်းစွာနားလည်ကြသူများ ဖြစ်ကြသည်။

၎င်းတို့၏ လမ်းညွှန်မှုအောက်တွင် အပြင်းအထန် လေ့ကျင့်ခြင်းက တီရဲလ်ထန်သည်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတွင် အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာစေရန် အထောက်အကူပေးလျက်ရှိသည်။

အကောင်းဆုံးအသက်အရွယ်

အသက် ၆ နှစ်ကတည်းက ကိုယ်ခံပညာနှင့် ထိတွေ့ခဲ့ရသည့် တီရဲလ်ထန်သည် ယင်းပညာရပ်များကို ဆယ်စုနှစ် တစ်ခုကျော် တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့သည်။ သို့သော် ကျောင်းပြီးသည့်နောက်တွင် ကိုယ်ခံပညာနှင့် မပတ်သက်သည့် အလုပ်အကိုင် တစ်ခုကို မိသားစုဝင်ငွေအတွက် လုပ်ကိုင်ခဲ့ရသဖြင့် တောက်ပသည့် လူငယ်ကစားသမားတစ်ယောက် ဖြစ်ခွင့်ကို ဆုံးရှုံးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူလက်ရှိအချိန်တွင်၎င်း၏အသက်အရွယ်မှာ၂၅နှစ်သာရှိသေးသဖြင့်၎င်းအတွက်အကောင်းဆုံးအချိန်များစွာကျန်နေသေးသည်ဟုဆိုနိုင်သည်။BradonVera၊အောင်လအန်ဆန်၊EduardFolayang၊ShinyaAoki စသူတို့သည် ONE Championship တွင် ကမ္ဘာ့ချန်ပီယံဆုကိုရရှိချိန်၌ အသက် ၃ဝ ကျော် အရွယ်ပင် ရှိနေကြပြီဖြစ်သည်။ထို့ကြောင့်အကောင်းဆုံးအသက်အရွယ်ဟုဆိုနိုင်သောအနေအထားသို့ရောက်ရှိနေသူတီရဲလ်ထန်သည် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာရန် အခွင့်အလမ်းကောင်းများစွာ ရှိနေသည်။

အောင်လအန်ဆန်

တီရဲလ်ထန်အတွက် အလုပ်အကိုင်နှင့် ဝါသနာတစ်ခုခုကို ရွေးချယ်ရမည့်အခြေအနေတွင် ဝါသနာပါသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကိုရဲရဲဝံ့ဝံ့ရွေးချယ်ခဲ့သည့်တစ်ခုတည်းသောအကြောင်းရင်းမှာအောင်လအန်ဆန် ဖြစ်သည်။ မြန်မာပြည်တွင် မွေးပြီး အမေရိကန်တွင် ပညာသင်ကာ အားကစား လူစွမ်းကောင်း တစ်ဦးအဖြစ် ပြည်တော်ပြန်သည့် အောင်လအန်ဆန်၏ ဘဝသည်၎င်းအတွက် အားအကျရဆုံး ဘဝ ဖြစ်သည်။

တီရဲလ်ထန်သည် အောင်လအန်ဆန် နေထိုင်ရာ မေရီလန်းသို့ ကိုယ်တိုင်သွားရောက် တွေ့ဆုံပြီးနောက် ၎င်းဘဝအခြေအနေကို ရှင်းပြခဲ့ရာ အောင်လအန်ဆန်က ၎င်းကိုပံ့ပိုးပေးမည်ဟု ချက်ချင်း ကတိပေးခဲ့သည်။ ၎င်းနှင့်အတူ Hard Knock 365 တွင် အတူလေ့ကျင့်စေပြီး ချန်ပီယံတစ်ယောက် ဖြစ်လာအောင် မည်သို့ယှဉ်ပြိုင်ကစားရမည်ဆိုသည့် နည်းလမ်းများ သင်ကြားပေးခဲ့သည်။ ထို့ပြင် ၎င်းကစားသည့်ပွဲတွင်လည်းကြိုးဝိုင်းအကူအဖြစ်လိုက်ပါ ညွှန်ကြားကြီးကြပ်ပေးကာ နိုင်ပွဲရအောင် လမ်းပြခဲ့သည်။ ထို့ကြောင့် အောင်လအန်ဆန်သည် တီရဲလ်ထန်ကို အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်အောင် အထောက်အပံ့ ပေးနေသည့် အချက်တစ်ချက်ဟု ဆိုနိုင်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly