မြန်မာ့ မူးယစ်ရိပ်မြုံ ထုတ်လုပ်မှုတိုးတက်

မြန်မာ့ မူးယစ်ရိပ်မြုံ ထုတ်လုပ်မှုတိုးတက်
ဓာတ်ပုံ - EPA

နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ၏ ‘မီးနဲ့ရေခဲ - မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ပဋိပက္ခနှင့် မူးယစ်ဆေးဝါး’ အမည်ရှိ အစီရင်ခံစာတွင် မြန်မာ့အရှေ့မြောက်ပြည်နယ်တွင် မူးယစ်ဆေးဝါးသည် မူးယစ်ကုန်သည်များအဖို့ ကြီးမားသောစီးပွါးရေးလုပ်ငန်းကြီး ဖြစ်နေဆဲဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

လွန်ခဲ့သော ဆယ်စုနှစ်များဆီကမူ မူးယစ်တားဆီးနှိမ်နင်းရေး လုပ်ငန်းဆိုသည်မှာ ဘိန်းနှင့် ဘိန်းဖြူတို့သာ အဓိကဖြစ်ခဲ့သည်။ ယနေ့တွင်မူ ကမ္ဘာတဝှမ်း၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံအတွင်း ဝယ်လိုအား အကောင်းဆုံးမူးယစ် ဆေးဝါးမှာ မက်သာအက်ဖက်တမင်းနှင့် ယင်း၏ မျိုးကွဲများဖြစ်သည်။

မက်သာအက်ဖက်တမင်းနှင့် ယင်း၏မျိုးကွဲများတွင် အလွန်စွဲလမ်းလွယ်ပြီး အာနိသင်ပြင်းလှသည့် ရေခဲ (Ice) လဲပါသည်။ ယင်းမူးယစ်ဆေးဝါးတို့သည် ယခုအခါ ရှမ်းပြည်နယ်အတွင်း အမြတ်အစွန်း ကောင်းလှသည့် လုပ်ငန်းကြီးဖြစ်သည်။

ခရစ်စတယ်မက်သည် ဘိန်းဖြူထက် တန်ဘိုးကြီးသည်။ မဲခေါင်ဒေသအတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းသည် တနှစ်လျှင် ဒေါ်လာ ဘီလီယံ ၄၀ ကျော်အထိ ရှိနိုင်သည်ဟု ထိုအစီရင်ခံစာက ခန့်မှန်းထားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလက မြန်မာတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း လူမနေသည့် အိမ်တအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ယာဘဆေးပြား သန်း ၃၀၊  ခရစ်စတယ်မက် ၁၇၅၀ ကီလို ဂရမ်၊ ဘိန်းဖြူ ကီလို ၅၀၀ ကျော်နှင့် ကဖိန်းမှုန့် ကီလို ၂၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်။ အာဏာပိုင်တို့၏အဆိုအရ ယင်းဖမ်းဆီးရမိမှုသည် မြန်မာနိုင်ငံအတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှုဖြစ်ပြီး ဒေသတွင်းပေါက်စျေးအရ အမေရိကန်ဒေါ်လာ ၅၄ သန်း တန်ဖိုးရှိသည်။

နောက်လအတွင်း တပ်မတော်နှင့်ရဲတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုဒေသအတွင်း၌ပင် ခရစ်စတယ်မက် ထုတ်လုပ်သည့် မူးယစ်ဓတ်ခွဲခန်း ၂ ခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ အမေရိကန်ဒေါ်လာ ၇ သန်းတန်ဖိုးရှိ အဆင်မြင့်ဓတ်ခွဲခန်းသုံးပစ္စည်းများ၊ ခေတ်မီ ဓတ်အားပေးစက် ၁၂ လုံး၊ မူးယစ်ဆေးဝါး ထုတ်ရာတွင်သုံးသည့် ဓာတုပစ္စည်းကုန်ကြမ်းများ၊ မူးယစ်ဆေးဝါး ၁၀ တန်ခန့် ထုပ်ပိုးလို့ရသည့် အသုံးမပြုရသေးသော ထုပ်ပိုးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ယင်းကိုကြည့်ခြင်းဖြင့် ဤမူးယစ်ဓတ်ခွဲခန်းတို့သည် မူးယစ်ဆေးထိုမျှပမာဏအထိကို ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိနိုင်သည်။

ထိုမျှများပြားသော မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို စံချိန်တင်ဖမ်းဆီးရမိခဲ့သော်လည်း ယင်းတို့သည် တကယ်တော့ အံ့သြဖွယ်မဟုတ်ပါ။ လွန်ခဲ့သောနှစ်များအတွင်း အာဏာပိုင်တို့သည် မူးယစ်ဆေးဝါးအများအပြားကို မြန်မာနိုင်ငံနှင့်ပြင်ပတွင် ပုံမှန်ဖမ်းဆီးရမိနေသည်။ ယင်းတို့အနက် အများစုမှာ ရှမ်းပြည်နယ်တွင် မြစ်ဖျားခံခြင်းဖြစ်သည်။ ၂၀၁၇ ဒီဇင်ဘာလအတွင်း သြစတြေလျ အနောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး ၁.၂ တန်၊  ထိုနှစ် ဧပြီလတွင် မဲလ်ဘုန်းမြို့တွင် ဖမ်းဆီးရမိခဲ့သည့် ၀.၉ တန်၊ ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး ၅ တန်၊ ၂၀၁၈ ဇန်နဝါရီမှ ဇူလိုင်လအတွင်း ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိခဲ့သည့် ၁၅ တန်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း အင်ဒိုနီးရှားတွင် ဖမ်းဆီးရမိခဲ့သည့် ၁.၆ တန်၊ ၂၀၁၈ ခုနှစ်မေလ အတွင်း မလေးရှားတွင် ဖမ်းဆီးရမိခဲ့သည့် ၁.၂ တန်တို့အားလုံးမှာ ထိုဒေသတွင်းထုတ်လုပ်ခဲ့သည့် မူးယစ်ဆေး ၀ါးများဖြစ်ကြသည်။ ၂၀၁၈ ခုနှစ်တွင်းဖမ်းဆီးရမိမှုပမာဏသည် ၂၀၁၇ ထက်များမည်မှာ သေချာသည်။

ကွတ်ခိုင် စီးနင်းရှာဖွေမှုများက သိရသောအချက် အများအပြားရှိသည်။ မူးယစ်ဆေးဝါးများ တွေ့ရှိသောနေရာမှာ ဝေးလံခေါင်သီသော အရပ်မဟုတ်၊ အာဏာပိုုင်များ လက်လှမ်းမမီသည့် ရှမ်းပြည်နယ် အစိတ်အပိုင်းဖြစ်သည်။ ထိုနေရာသည် လားရှိုးနှင့်ပင် ပို၍နီးသေးသည်။ မြန်မာ့အဓိက ကုန်းတွင်းကုန်သွယ်ရေး လမ်းမကြီးဖြစ်သည့် တရုတ်နယ်စပ် မူဆယ်မြို့သို့ သွားရာလမ်းမကြီး မနီးမဝေးတွင်ပင်ဖြစ်သည်။

ထိုလမ်းမသည် တပ်မတော်နှင့် ယင်း၏မဟာမိတ် ပြည်သူ့စစ်တို့ ထိန်းချုပ်ထားသည့် နေရာပင်ဖြစ်သည်။ ပဋိပက္ခလေ့လာရေးအဖွဲ့ သုတေသီများသည် ထိုနေရာအထိ ကားမောင်းသွား၍ရပြီး ဒေသခံများနှင့် စကားပြောနိုင်ခဲ့သည်။ ထိုလူမနေသော အိမ်ရှိရာရွာသို့ ပြည်သူ့စစ်များ စောင့်ကြပ်နေသည့်ဂိတ်များကို ကျော်ဖြတ်ပြီး သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအချက်မှာ ထိုအိမ်ကို အာဏာပိုင်များက လူမနေသောအိမ်ဟု ရည်ညွှန်းပြောဆိုခဲ့သည့် အချက်ဖြစ်သည်။ ထိုအချက်က ညွှန်ပြနေသည်မှာ စီးနင်းမှုများမလုပ်ခင် မူးယစ်ဆေးဝါး သမားများအား ကြိုတင်သတင်းပေးလိုက်ခြင်း ဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် ထွက်ပြေးသွားနိုင်ခြင်းဖြစ်မည်။ သတင်းပေးသူကမူ မြန်မာအာဏာ ပိုင်များကို တည်နေရာ အတိအကျကို မြေပုံညွှန်းဖြင့်ပေးလိုက်ပြီး မူးယစ်ဆေးသမားများ၏ လှုပ်ရှားမှုကိုလည်း အတိအကျ သတင်းပေးခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ထိုအခါအာဏာပိုင်များအဖို့ အခြားလည်း ရွေးချယ်စရာလမ်းမရှိတော့ဘဲ ဝင်ရောက်စီးနင်း ရှာဖွေသိမ်းဆည်းခဲ့ရပုံရှိသည်။

ထိုဒေသကို ထိန်းချုပ်ထားသော ပြည်သူ့စစ်အဖွဲ့အဖို့လည်း ထိုဖြစ်ရပ်ကြောင့် မည်သည့်အကျိုးဆက်မျှ ရှိပုံမပေါ်။ ယင်းအဖွဲ့သည် တပ်မတော်နှင့် ၂၈ နှစ်ကြာအပစ် အခတ်ရပ်စဲထားသောအဖွဲ့ဖြစ်ပြီး လားရှိုမြို့လယ်ခေါင်၌ ကြီးမားသော ခြံဝင်းကြီးတခုကိုလည်း ပိုင်ဆိုင်ပြီး ယင်းခြံကြီးသို့ ပဋိပက္ခေ လ့လာရေး သုတေသီများ သွားရောက်လည်ပတ်ခဲ့သေးသည်။

ယာဘဟုလည်းခေါ်တွင်သည့် ခရစ်စတယ်မက် ဆေးပြားများဖမ်းဆီးရမိမှုသည် မကြသေးမီ နှစ်များအတွင်းက တိုးတက်လာခဲ့သည်။ အဆိုပါ ဆေးပြားများ အများအပြား ဖမ်းဆီးရမိမှုတိုင်းက မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်း အောင်မြင်သည်ကိုပြသနေသည်။ သို့သော် အဆိုပါ စံချိန်တင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများဆိုသည်ကပင် ပြဿနာ၏ အကင်းမျှသာရှိသေးသည်။ ထို့ကြောင့် ထိုဖမ်းဆီးရမိမှုများ ဆိုသည်က ပြဿနာ၏ အတိုင်းအတာ ကြီးမားမှုကို ပြသနေခြင်းသာဖြစ်ပြီး မူးယစ်ဆေးဝါး တားတီးနှိမ်နင်းရေး လုပ်ငန်းကြီး၏ အောင်မြင်မှုများ မဟုတ်ပေ။ ထိုသို့အမြောက်အမြား ဖမ်းဆီးရမိနေသော်လည်း ယာဘဆေးပြား၏ စျေးနှုန်းမှာ တည်ငြိမ်နေသည်။ ထိုအချက်ကပြသနေသည်မှာ အမြောက်အမြား ဖမ်းဆီးရမိနေသော်လည်း ထိုပမာဏမှာ စုစုပေါင်း ထုတ်လုပ်မှု၏ အချိုးအစား အနည်းငယ်မျှသာရှိသည် ဆိုခြင်းပင်ဖြစ်သည်။

မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်ငန်းသည် ပို၍ပညာသည်ဆန်လာပြီး နိုင်ငံစုံ ရာဇဝတ်ဂိုဏ်းကြီးများက ထိန်းချုပ်ထားကာ ပမာဏအမြောက်အမြား ရောင်းဝယ်ဖောက်ကား နေကြခြင်းဖြစ်သည်။

ယာဘဆေးပြားကို ဒေသတွင်းသုံးစွဲရန်နှင့် ပြည်ပပို့ရန် နှစ်မျိုးလုံးအတွက် ထုတ်လုပ်ခြင်းဖြစ်သည်။ အဓိကအားဖြင့် ထိုင်း၊ အင်ဒိုချိုင်းနားနှင့် တောင်အာရှတွင်မူ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိမှုများတွင် ကိုယ်တိုင်သုံးစွဲရန် ဝယ်ယူထားသည့် ဆေးပြားအနည်းငယ်မှ သန်းဆယ်နှင့်ချီ၍ အရောင်းအဝယ်လုပ်နေသည့် လက္ကားကုန်သည်ကြီးများအထိ ပါဝင်သည်။ ခရစ်တယ်မက်ကမူ အများအားဖြင့် နိုင်ငံခြားပို့ရန်အတွက် ထုတ်လုပ်ခြင်းဖြစ်သည်။ ယင်းကိုမြန်မာနိုင်ငံတွင် အသုံးနည်းသည် သို့သော် ယခုအခါ စတင်အသုံးတွင်ကျယ်လာသည်။

ယင်းတို့ကိုမိလျှင် တတန်နှင့်အထက်ပမာဏအများအပြား ဖမ်းမိတာများသည်။ ရှမ်းပြည်နယ်ထွက် ခရစ်စတယ်မက်၏ အဓိကပို့ကုန်စျေးကွက်မှာ ဂျပန်နှင့် သြစတြေလျ တို့ဖြစ်သည်။ ယင်းနိုင်ငံတို့တွင် ထိုမူးယစ်ဆေးဝါးများသည် စျေးအကောင်းဆုံးရကြသည်။ သြစတြေလျနိုင်ငံတွင် ထိုမူးယစ်ဆေးဝါးအတွက် လက္ကားစျေးနှုံးမှာ တတန်လျှင် ဒေါ်လာ သန်း ၁၈၀ ဖြစ်ပြီး လမ်းပေါ် လက်လီပေါက်စျေးမှာ ထို့ထက်အဆပေါင်းများစွာ များပြားသည်။ ခရစ်စတယ်မက်ကို တရုတ်၊ ဖိလိပိုင်၊ မလေးရှား၊ အင်ဒို နီးရှား၊ တောင်ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့ကိုလည်း တင်ပို့သည်။

မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်ငန်းသည် ပို၍ပညာသည်ဆန်လာပြီး နိုင်ငံစုံ ရာဇဝတ်ဂိုဏ်းကြီးများက ထိန်းချုပ်ထားကာ ပမာဏအမြောက်အမြား ရောင်းဝယ် ဖောက်ကားနေကြခြင်းဖြစ်သည်။ ခရစ်တယ်မက်ကို ယခုအခါ နာမည်ကျော် အမှတ်တံဆိပ် လ္ဘက်ခြောက်များအဖြစ် ထုပ်ပိုးကြသည်။ မူးယစ်ဆေးဝါးကို ဖုံးကွယ်ရန်သာမက သီးသန့် ကုန်အမှတ်တံဆိပ် ရရှိစေဖို့လည်းဖြစ်သည်။ ထိုပြည်ပစျေးကွက်များရှိ ပြည်တွင်းထုတ်လုပ်မှုမှာ ယခုအခါ ပြည်ပသွင်းကုန်များ နေရာယူလာနေခြင်းကို ခံနေရသည်။ တရားမဝင် မက်သာအက်ဖက်တမင်း ထုတ်လုပ်သည့် ဓတ်ခွဲခန်းများကို တရုတ်အစိုးရက သူ့နိုင်ငံအတွင်း ထိရောက်စွာ အပြင်းအထန်နှိမ်နင်းသည်။

သို့သော်လက်တွေ့တွင် ထိုဓတ်ခွဲခန်းများမှာ အိမ်နီးချင်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းသို့ ရွှေ့ပြောင်း ရောက်ရှိသွားခြင်းဖြစ်သည်။ သြတတြေလျ ဆိုင်ကယ်စီး မူးယစ်ဆေးဝါးဂိုဏ်များကလည်း အရှေ့တောင်အာရှ ဒေသအတွင်းပြောင်းရွှေ့ အခြေချလာကာ ကိုယ်တိုင်ချက်လုပ်လာကြသည်။ ယခင်ကမူ ပြည်ပမှတင်သွင်းလာသည့် ဓာတုပစ္စည်းများဖြင့် သြစတြေလျတွင် ချက်လုပ်ကြခြင်းဖြစ်သည်။ ယခုအခါတွင်တော့ ဒေသတွင်းတွင်ပင် ကုန်ချောကို အပြီးသတ် ချက်လုပ်ကာ သူတို့နိုင်ငံတွင်းသို့ မှောင်ခိုတင်သွင်းကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly