စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရာတွင် ကိုယ်ကျိုးအတွက် အတိုးနှုန်းရယူခဲ့သည့် ဘဏ်မန်နေဂျာကို အဂတိမှ အမှုဖွင့်

စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရာတွင် ကိုယ်ကျိုးအတွက် အတိုးနှုန်းရယူခဲ့သည့် ဘဏ်မန်နေဂျာကို အဂတိမှ အမှုဖွင့်
ဓာတ်ပုံ - EPA

ပုသိမ်၊ မေ ၂၁ ။        ။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း စပါးစိုက်ပျိုးမှုချေးငွေ ထုတ်ပေးရာတွင် အတိုး ၅ ရာခိုင်နှုန်း ကို ကိုယ်ကျိုးအတွက် ရယူခဲ့သည့် မြောင်းမြမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာတစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် မေလ ၂၁ ရက်က မြောင်းမြမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်တိုင်ကြားလိုက်သည်။

မြောင်းမြမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တိုင်ကြားလိုက်ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း တောင်သူလယ်သမားများ၏ စပါး ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် မြောင်းမြမြို့နယ် စိုက်ပျိုးရေးဘဏ်မန်နေဂျာ ဒေါ်မာလာတင်သည် တောင်သူလယ်သမားများ၏ အခက်အခဲများအပေါ် အခွင့်ကောင်းယူကာ လာဘ်ငွေရယူ အဂတိလိုက်စားပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းပြင်ပ ဆောင်ရွက်နေခြင်းအား အရေးယူပေးပါရန် လယ်သမားများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည် လေးအိမ်တန်းကျေးရွာ အုပ်စုမှ တောင်သူ ၁၄ ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၈၉၇၀၅၆ဝိ/- ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်က ပေးဆပ်သည်ဟု မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက်တွင် ယင်းတောင်သူ ၁၄ ဦးအား ၂၀၁၇ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေသစ် ထုတ်ချေးပေးခဲ့ကြောင်း ကော်မရှင် ထုတ်ပြန်စာတွင် ပါရှိသည်။

 ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေ ပေးဆပ်ရန်ကျန် တောင်သူ ၁၁ ဦး၏ တစ်ဦးချင်း ပြန်လည် ပေးဆပ်သည့် ချေးငွေကျပ် ၁၅၄၁၁ဝဝဝိ/-နှင့် ငါးရာခိုင်နှုန်းအတိုးဖြင့် အပိုဆောင်းပေးရငွေကျပ် ၇၇၀၅၅ဝိ/-အား ဒေါ်မာလာတင်က ကိုယ်တိုင် လက်ခံရယူခဲ့ကြောင်း၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အတိုး ငါးရာခိုင်နှုန်း ကျပ် ၇၇၀၅၅ဝိ/-ကို မိမိ ကိုယ်ကျိုးအတွက် ရယူခြင်းဖြင့် အဂတိလိုက်စားမှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ ကော်မရှင်အနေဖြင့် ယခု ကျောင်းကုန်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် မြောင်းမြရဲစခန်းတွင် တိုင်ကြားထားလိုက်ခြင်း ဖြစ်ပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မေ ၂၁ ရက်က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly