မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့သည့်ပစ်ခတ်မှုတွင် တပ်ဘက်မှ တိုက်ပွဲဟု ပြောဆိုထားပြီး AA ဘက်မှ မဟုတ်ဟု ငြင်းဆို

မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့သည့်ပစ်ခတ်မှုတွင် တပ်ဘက်မှ တိုက်ပွဲဟု ပြောဆိုထားပြီး AA ဘက်မှ မဟုတ်ဟု ငြင်းဆို
ဓာတ်ပုံ - သေဆုံးသွားသည့် ၄ တန်းကျောင်းသူ မအသိန်းချေအား မေ ၂၀ ရက်က ကျောက်တော်မြို့ရှိသုဿန်မှာ သင်္ဂြိုဟ်ခဲ့စဉ်။  ( ဓာတ်ပုံ - ကျော်လှမြင့် ဖေစ်ဘွတ်စာမျက်နှာ)

စစ်တွေ၊ မေ ၂၀  ။           ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့ မေ ၁၉ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ၁၀ နှစ် အရွယ် မိန်းကလေးတစ်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု တပ်မတော်ဘက်မှ ပြောဆိုခဲ့သော် လည်း  AA ဘက်မှ ၎င်းတို့ မဟုတ်ကြောင်း ငြင်းဆိုထားသည်။

အဆိုပါနေ့ ညနေ ၆ နာရီခန့်တွင် မာလာကျေးရွာနှင့် မျောက်တောင်ကျေးရွာဆိုသည့် ကျေးရွာနှစ်ခု အကြား တွင်  ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ တောရကျောင်းသို့ သွား၍ ပြန်လာသည့် မောင်နှမနှစ်ဦးတွင် အသက် ၁၀ နှစ် အရွယ်ရှိသည့် ညီမဖြစ်သူ၏ နားထင်ကို ကျည်ထိမှန် သေဆုံးသွားပြီး အသက် ၁၃ နှစ်အရွယ်ရှိသည့် အစ်ကို ဖြစ်သူမှာ လွတ်မြောက်သွားခြင်း ဖြစ်ကြောင်း ဒေသခံများအပြောအရ သိရသည်။

 ဒေသခံများအပြောအရ ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး သေဆုံးသွားခြင်းဖြစ်ပြီး ကလေးငယ် ၃ ဦးနှင့် လူကြီး ၂ ဦးတို့ ဒဏ်ရာရသွားကြောင်း သိရသည်။

 တပ်မတော်ဘက်မှ “ တိုက်ပွဲဖြစ်တာကတော့ မနေ့က(မေလ ၁၉ ရက်) ညနေလောက်မှာတော့ ဖြစ်တယ်။ ဒါပေမဲ့ အေအေသည် ရွာထဲကနေ ပစ်လို့ ရှိရင်တော့ ကျွန်တော်တို့က၊ ရွာထဲကနေ ပစ်တဲ့အတွက်ကြောင့်မို့လို့ ဒါ အေအေက ပစ်လို့၊ အေအေက ပစ်လို့ မှန်တာလည်း ဖြစ်နိုင်တယ်လေ။ ကျွန်တော်တို့  တပ်က ပစ်တာ၊ ဘာညာ ပြောလို့ မရဘူးလေ။"ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

 ယင်းနေရာသို့ သွားရောက်ကူညီခဲ့သည့် ပရဟိတသမားတစ်ဦးက ယင်းမိန်းကလေးငယ် သေဆုံးမှု မှန်ကန် ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

 AA ဘက်ကမူ “ကျွန်တော်တို့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူးဗျ။ တိုက်ပွဲဖြစ်တဲ့ နေရာမဟုတ်ဘဲနဲ့ စစ်တပ်က ရွာကို လာပြီးတော့ တမင်သက်သက်ပစ်တာ။ ရွာမှာ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး။ တိုက်ပွဲဖြစ်တဲ့ဥစ္စာက တစ်ခြားနေရာတွေမှာ အရင်နေ့တွေက ဖြစ်တာ”ဟု ရက္ခိုင့်တပ် AA မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

 မာလာကျေးရွာအတွင်းသို့လည်း လက်နက်ကြီးများကျရောက်ကာ အသက် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် မိခင်ဖြစ်သူနှင့်အစ်ကိုဖြစ်သူ နှစ်ဦးအပါအဝင် အသက် ၇၅ နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦး မှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြသေးသည်ဟု သိရသည်။

 မာလာကျေးရွာသားတစ်ဦးဖြစ်သည့် ဦးမောင်သိန်းတင်(အမည်လွှဲ)က “ကျွန်တော်တို့ကတော့ တစ်ဖက်သက် ဖြစ်တယ်၊ တိုက်ပွဲဖြစ်တယ်လို့တော့ မှန်းခြေချလို့ မရပါဘူး။ ကားကတော့ ခဘောင်ရွာဖက်က ဖြတ်သန်းလာပြီးတော့ မာလာရွာကို ချိုးပြီး တောင်နားကိုရောက်တာနဲ့ စပြီးတော့ အသံထွက်ပါတယ်။ သေနတ်ပစ်သံ။ အဲဒီမှာ စစ်သားတစ်ချို့က ရွာဖက်ကိုကပ်ပြီး ရွာကြားထဲက ဝင်ပြီးပစ်တော့ အိမ်နားမှာ လက်နက်ကြီးကျပြီးတော့ ဒဏ်ရာရတာတွေ ဖြစ်တာပေါ့။”ဟု ပြောသည်။

 ယင်းတိုက်ပွဲတွင် ဒဏ်ရာပြင်းထန်ခဲ့သည့် ၃ နှစ်အရွယ် ကလေးငယ်ကို စစ်တွေဆေးရုံသို့  ပို့ဆောင်ထားရပြီး ယင်းအနက်မှ ဒဏ်ရရခဲ့သူများကိုလည်း အခြေနေအရ ကုသမှုများ လုပ်ဆောင်ထားရကြောင်း သိရကာ သေဆုံးသွားသည့် မိန်းကလေးငယ်ကိုမူ ယနေ့ မေ ၂၀ ရက်တွင် ကျောက်တော်မြို့ရှိသုဿန်မှာ သင်္ဂြိုဟ်ခဲ့ ကြောင်း  အရေးပေါ်နာရေးကူညီမှု အသင်းမှ သိရသည်။

"သူတို့ကို မေးကြည့်တော့ တိုက်ပွဲလို ပုံစံမျိုးတစ်ခုဖြစ်ပေါ်လာတာလို့ သူတို့က ပြောတယ်။ တစ်ဖက်ပစ်သံလောက်ပဲ အသံ ပေါ်တယ်လို့လည်း သူတို့ကပြောတယ်။ တစ်ဖက် တည်းရဲ့ပစ်သံ။ နှစ်ဖက်ပစ်သံကို မကြားရဘူးတဲ့။ မျက်တောင်က သေဆုံးသွားတဲ့ ကလေးရဲ့အမေတွေ၊ အဖေတွေကို မေးတဲ့အခါ အဲဒီလိုပြောတယ်။"ဟု ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောသည်။

ယမန်နေ့ မေ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်စစ်ပွဲများကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်တွင် ဆွေးနွေး အဖြေရှာရန်နှင့် စစ်ဘေးရှောင်ဒုက္ခသည်များအရေး ဖြေရှင်းပေးရန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

 ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ တပ်မတော်နှင့် AA တို့၏တိုက်ပွဲများကြောင့် လက်ရှိတွင် စစ်ရှောင်ဦးရေ ၃၇၀၀၀၀ အထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းများအရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly