မင်းဘူးရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း ပထမအဆင့် ၉၂ ရာခိုင်နှုန်းပြီးစီး

မင်းဘူးရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း ပထမအဆင့် ၉၂ ရာခိုင်နှုန်းပြီးစီး

မင်းဘူး၊ မေ ၂၀ ။       ။ အပူပိုင်းဒေသ မင်းဘူးတွင် တည်ဆောက်နေသည့် အရှေ့တောင်အာရှ၏အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ပထမအဆင့်၏ ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး မေလတွင် လျှပ်စစ် စတင် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

“အခု ၄၀ မဂ္ဂါဝပ်အဆင့် တည်ဆောက်ပြီးသွားပါပြီ။ လာမဲ့ မေလ ၃၀ ရက်နေ့မှာ ၂၀ မဂ္ဂါဝပ် လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးပေးသွားမယ်”ဟု တိုင်း သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်တည်ဆောက်နေသော လျှပ်စစ် မဂ္ဂါဝပ် ၁၇၀ အထိ ထုတ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖြစ်ပြီး ပထမအဆင့်ဖြစ်သော ၄၀ မဂ္ဂါဝပ် စီမံကိန်း၏ ၉၂ ရာခိုင်နှုန်း ပြီးစီးနေခြင်း ဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်မဂ္ဂါဝပ် ၂၀ ကို လာမည့် မေလအကုန်တွင် စတင်ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

ယင်းစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် သဘောတူညီခဲ့ပြီး ၂၀၁၆ ခုနှစ် ၊ မတ်၂၀ ရက်နေ့တွင် Green Earth Power (Myanmar) Co.Ltd., မှ B.O.T စနစ်ဖြင့် နိင်ငံတော်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သော်လည်း ယခု အစိုးရလက်ထက်မှသာ အကောင်အထည်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီးဝန်ကြီးက ဆိုသည်။

“ အရင်အစိုးရလက်ထက်မှာ အကောင်အထည် မပေါ်ခဲ့ဘူး။ ကျွန်တော်တို့ အစိုးရလက်ထက်ရောက်တော့ မြေဧက (၇၀၀) ကို မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့် နိင်ငံတော်က ချပေးခဲ့တယ်။ ၇၀၀ ဧကနဲ့ မလောက်သေးဘူး ဆိုတဲ့အတွက် သစ်တောထဲက မြေဧက ၁၃၆ ဧကကို နှစ် ၃၀ စာချုပ် ချုပ်ခဲ့တယ်။ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့ လုပ်ငန်းစလုပ်ဖို့ ခွင့်ပြု ခဲ့ပါတယ် ” ဟု ဝန်ကြီးဦးမြင့်ဇော်က ဆက်ပြောသည်။

မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် စက်တပ်ဆင်အား ၁၇၀ မဂ္ဂါဝပ်ဖြင့် စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပထမအဆင့်မှ တတိယအဆင့်အထိ ၄၀ မဂ္ဂါဝပ်စီဖြင့် အသီးသီးတည်ဆောက်သွားမည်ဖြစ်ကာ စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။

 “ဘာပဲဖြစ်ဖြစ် ပြည်သူလိုအပ်တဲ့ လျှပ်စစ်ကို ဆိုလာကနေတဆင့် ထုတ်ပေးရမယ့်အတွက် ဝမ်းသာပါတယ်။ ဒီ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းက မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင် အထည်ဖော်တည်ဆောက်တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှမှာ အကြီးဆုံးစက်ရုံဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ဆက်ပြောသည်။

ယင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ၊ မင်းဘူးမြို့၏ အနောက်တောင်ဘက် ၁၆.၃ မိုင်ခန့်အကွာ မင်းဘူး - အမ်း ကားလမ် ဇီးအိုင်ကျေးရွာနှင့် လေးပင်ကျေးရွာအကြားတွင် တည်ရှိသည်။

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းဇုန်တွင်ရှိပြီး အပူပိုင်းဒေသတွင် ပါဝင်နေကာ ယခု ဆိုလာစီမံကိန်းသည် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး ဆိုလာစွမ်းအင်စီမံကိန်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required