Huawei အပေါ် Google ရဲ့ ပိတ်ပင်ကန့်သတ်မှု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန တုန့်ပြန်

Huawei အပေါ် Google ရဲ့ ပိတ်ပင်ကန့်သတ်မှု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန တုန့်ပြန်

မေ ၂၀ ။         ။ တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei ရဲ့ Android လိုင်စင်ကို အမေရိကန် နည်းပညာကုမ္ပဏီ Google ဘက်က ရပ်ဆိုင်းလိုက်တဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၀ တွင် တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

တရုတ်လုပ်ငန်းကုမ္ပဏီဆီမှာ ယင်းတို့ရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်နိုင်ဖို့အတွက် ဥပဒေ လမ်းကြောင်းတွေကို အသုံးချနိုင်ခွင့်အပေါ် တရုတ်အစိုးရဘက်က ထောက်ခံပံ့ပိုးထားပါကြောင်းလည်း ပြောဆိုသွားပါတယ်။

“ ဒီ ကိစ္စကို ကျွန်တော်တို့ တရားဝင် အတည်ပြုသွားပါမယ်၊ ဆက်ဖြစ်လာမယ့် အခြေအနေအပေါ် ပိုပြီး အာရုံစိုက် စောင့်ကြည့်သွားမှာပါ၊ တစ်ချိန်တည်းမှာလည်းပဲ တရုတ် လုပ်ငန်းကုမ္ပဏီတွေကို ယင်းတို့ရဲ့ တရားဝင် အခွင့်အရေး ကာကွယ်ပိုင်ခွင့်တွေအပေါ် တရုတ်အစိုးရက ထောက်ခံပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်”  လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lu Kang က ပြောပါတယ်။

“ အမေရိကန်တို့က သူတို့ရဲ့ ကိုယ်ပိုင် စံသတ်မှတ်ချက်တွေနဲ့တစ်ခြားသူတွေအပေါ် လိုက်ပြီး တိုင်းတာဆုံးဖြတ်ပါတယ်၊ တရားမမျှတတဲ့ ယှဉ်ပြိုင်မှု ဆိုင်ရာ အသာရမှုတွေ ရအောင်လို့ အမေရိကန်တို့ဟာ တစ်ခြားနိုင်ငံတွေရဲ့ လုပ်ငန်းတွေနဲ့ပတ်သက်လို့  ကောလာဟလတွေ ဖြန့်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်တော့ကမှ အများလက်ခံနိုင်တဲ့ သက်သေတွေ ထုတ်ပြနိုင်ခြင်း မရှိပါဘူး။ ဥရောပ စစ်ဆေးစုံစမ်းမှုကို ကြည့်မယ်ဆိုရင် ဟွာဝေမှာ အပြစ်မရှိဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်၊ ဒါက အမေရိကန်တို့အနေနဲ့ တစ်ခြားနိုင်ငံတွေက လုပ်ငန်းတွေကို ဖိနှိပ်ဖို့အတွက် ယင်းရဲ့ အမျိုးသား ပါ၀ါကို အသုံးချတဲ့ မလျော်ကန်တဲ့အပြုအမူကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly