ခရီးသွား လုပ်ငန်းတိုးမြှင့် လုပ်ကိုင်နိုင်ရေး မြန်မာ- ထိုင်း နှစ်နိုင်ငံ ဆွေးနွေး

ခရီးသွား လုပ်ငန်းတိုးမြှင့် လုပ်ကိုင်နိုင်ရေး မြန်မာ- ထိုင်း နှစ်နိုင်ငံ ဆွေးနွေး
ဓာတ်ပုံ -  ဒီမိုးသွေး (မြိတ်)

မြိတ်၊ မေ (၂၀) ။         ။ မောင်နှမမြို့တော်အဖြစ် သတ်မှတ်ထားသည့် မြိတ်ခရိုင်နှင့် ပရာချွတ်ခီရီခန့် ခရိုင်နှစ်ခုတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍကို တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် မေလ ၂၀ ရက်နေ့က မြိတ်မြို့တွင် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ CHULALONGKORN UNIVERSITY မှ ပညာရှင်များ၊ ခရီးသွား လုပ်ငန်း ရှင်များနှင့် မြန်မာနိုင်ငံဘက်မှ တိုင်းအစိုးရအဖွဲ့ဝင်များ၊ မြိတ်တက္ကသိုလ်တို့မှ ဆရာ/ ဆရာမများ၊ ပညာရှင်များ နှင့် ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို မေလ ၂၀ ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီခွဲ အထိ မြိတ်မြို့၊ မြစ်ငယ််ရပ်ကွက်ရှိ ဟိုတယ် ဂရင်းဂျိတ် (၄) လွှာတွင်  ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ဒီနေ့ လာရောက် ဆွေးနွေးတာက ထိုင်း - မြန်မာ ခရီးသွား လုပ်ငန်းကို တိုးမြှင့် လုပ်ကိုင်ဖို့ အဓိကထား ဆွေးနွေး တာပါ။ နောက်ပြီး ဒေသတွင်းမှာ ရှိတဲ့ ဒေသခံတွေကို စီးပွားရေးတွေ အခြေခံ ကောင်း မွန်ဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်”ဟု ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအား စာတန်းရေးသား ပြုစုနေသော ဦးအောင်ကြည်မြင့်က ပြောသည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း အောင်မြင်မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး အစိုးရမှလည်း များစွာ ကူညီ ထောက်ပံ့ပေးထားကြောင်း ဆွေးနွေးပွဲတွင် ထိုင်းခရီးသွား လုပ်ငန်းရှင်များက ပြောဆိုသည်။

“ထိုင်းနိုင်ငံမှာက ခရီးသွားလုပ်ငန်းက အရမ်းကို အောင်မြင်နေတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ  အခုမှ စခါစပဲ ရှိပါသေးတယ်။ မြိတ်ခရိုင်နဲ့ ပါရာချွတ်ခီရီခန့် ခရိုင်တို့ ၂ ခု ပူးပေါင်းတဲ့အထဲမှာ တိုင်းအစိုးရ အနေနဲ့ လည်း ကူညီမှုတွေ လိုအပ်နေပါတယ်” ဟု တနင်္သာရီမြို့နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးသန်းစိုးဝင်းက ပြောသည်။

၂၀၁၉- ၂၀၂၀ ခရီးသွားရာသီတွင် မြိတ်ခရိုင်နှင့် ပါရာချွတ်ခီရီခန့်ခရိုင်တို့တွင် ခရီးသွားလုပ်ငန်း ရေရှည် တိုးတက်အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရမှလည်း ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်နေပြီး တိုင်းအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးရန်လည်း လိုလာနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required