စစ်ပွဲဖြစ်ပါက အီရန်တို့ တရားဝင် ဇာတ်သိမ်းခန်းနှင့် ကြုံရလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ပြင်းထန်စွာ သတိပေး

စစ်ပွဲဖြစ်ပါက အီရန်တို့ တရားဝင် ဇာတ်သိမ်းခန်းနှင့် ကြုံရလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ပြင်းထန်စွာ သတိပေး

မေ ၂၀ ။                   ။ အီရန်နိုင်ငံအပေါ် ပြင်းထန်သည့် သတိပေးချက်တစ်ရပ်ကို မေလ ၁၉ ရက်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်သတိပေးလိုက်သည်။

အမေရိကန် နှင့် အီရန် နှစ်နိုင်ငံအကြား ပဋိပက္ခ စစ်ပွဲတစ်ခု ဖြစ်လာမည် ဆိုပါက အီရန်ကို အမှုန့်ချေ ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ထရမ့်က ပြောသွားခဲ့သည်။

“ အီရန်ဘက်က တိုက်ခိုက်ချင်တယ်ဆိုရင် ဒါဟာ အီရန်ရဲ့ တရားဝင် နိဂုံး ဖြစ်သွားပါလိမ့်မယ်၊ နောက်ဘယ်တော့မှလည်း အမေရိကန်ကို ထပ်ပြီး ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ပါဘူး”  ဆိုပြီး ထရမ့်က တွစ်တာကနေတဆင့် ရေးသားခြိမ်းခြောက်သွားခဲ့သည်။

ပြီးခဲ့သည့် ရက်များအတွင်း အမေရိကန်က ယင်း၏ စစ်သင်္ဘောများနှင့် လေယာဉ်များကို ပင်လယ်ကွေ့တွင် ထပ်တိုး တပ်ဖြန့်လိုက်ပြီးနောက်ပိုင်း နှစ်ဘက်အကြား တင်းမာမှုက ပိုမို အရှိန်မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းသည် ပြီးခဲ့သည့်ကာလအတွင်း အီရန် နှင့်အကြား စစ်ရေးပဋိပက္ခ ဖြစ်နိုင်ခြေ အလားအလာအပေါ် မှေးမှိန်လျှော့ချရန် ထရမ့်က ကြိုးပမ်းခဲ့သော်လည်း ယခုအခါ ယင်း သဘောထားနှင့် လေသံပါ ရုတ်တရက် ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

တင်းမာမှုများ အရှိန်မြင့်တက်လာနေမှုအပေါ် စိုးရိမ်ပူပန်နေကြခြင်းနှင့် စပ်လျင်း၍ ပြီးခဲ့သည့် မေလ ၁၈ ရက်ကလည်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့အနေဖြင့် စစ်ဖြစ်ရန် ဆန္ဒမရှိကြောင်း ပြောဆိုထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly