အသင်းဖျက်သိမ်းမည့် သတင်းများအပေါ် မနောမြေအသင်း မန်နေဂျာ ငြင်း

အသင်းဖျက်သိမ်းမည့် သတင်းများအပေါ် မနောမြေအသင်း မန်နေဂျာ ငြင်း
တန်းဆင်းဇုန်အတွက် အရေးပါသော မနောမြေ ၁-၂ ဟံသာဝတီတို့ ပွဲကစားခဲ့စဉ်။ ဓာတ်ပုံ - ဘောလုံးအဖွဲ့ချုပ်

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် ရလဒ်များ ဆိုးရွားနေပြီး တန်းဆင်းဇုန်၌ ရပ်တည်နေသော မနောမြေအသင်းအနေဖြင့် အသင်း တန်းဆင်းရလျှင် အသင်း ဖျက်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေပြီး အဆိုပါသတင်းများအပေါ် မနောမြေအသင်း မန်နေဂျာ ဦးအုန်းကြိုင်က ငြင်းဆိုလိုက်သည်။

မနောမြေအသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပွဲစဉ် ၁၉ ပွဲ ကစားပြီးချိန်တွင် လေးပွဲနိုင်၊ သုံးပွဲသရေ၊ ၁၂ ပွဲ ရှုံးနိမ့်ထားကာ ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၁၂ အမှတ်ပေးဇယားအောက်ဆုံး တွင် ရပ်တည်နေသည်။ ထို့ပြင် မနောမြေအသင်းသည် အမှတ်ပေး လက်ကျန်ပွဲစဉ် သုံးပွဲ တွင် မကွေးအသင်း၊ ဧရာဝတီအသင်း၊ ရတနာပုံအသင်းစသည့် အမှတ်ပေးဇယား ထိပ်ပိုင်းမှအသင်းများနှင့် ကစားရမည် ဖြစ်သောကြောင့် ရာသီကုန်တွင် တန်းဆင်းရရန် နီးစပ်နေသည်။

ထို့ကြောင့် မနောမြေ အသင်းအနေဖြင့်၂၀၁၅ အမှတ်ပေး ဘောလုံး ရာသီကုန်တွင် တန်းဆင်းခဲ့ရပါက အသင်း ဖျက်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။ “အသင်းဖျက်မယ်ဆိုတာ ကောလာ ဟလတွေ ဖြစ်မှာပါ။

အခုချိန်ထိ သူဋ္ဌေးက ဖျက်မယ်ဘာညာ ဘာတစ်ခွန်းမှ မပြောသေးပါဘူး။ အပြင်မှာ ပြောနေ တာတွေ ကြားချင်လဲ ကြားမှာပေါ့။ ဒါလဲ မပြောဘူးလို့ ပြောလို့မရဘူးလေ။ တစ်ချို့ လူတွေက ဒီလိုပဲ ဝေဖန်နေ ကြတယ်။ ဝေဖန်တဲ့အပေါ် ဘာမှ မပြောဘူး။ သူတို့လဲ အသင်းကိုကြည့်ပြီး ပြောတယ်ထင် တယ်။ ဒီလောက်အထိ ဖြစ်မယ်လို့တော့ ဘာမှ ခုချိန်မှာ မပြောသေးပါဘူး” ဟု အသင်းမန်နေဂျာ ဦးအုန်းကြိုင် က မဇ္ဈိမသို့ ပြောသည်။ လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲကစားရန် ရှိနေသဖြင့် လိဂ်ပွဲစဉ်များကို ခဏရပ်နားထားသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၉ အပြီး တန်းဆင်းဇုန်တွင် နေပြည်တော်အသင်းနှင့် မနောမြေအသင်းတို့က ရပ်တည်နေကြပြီး ဟံသာဝတီအသင်းနှင့် ရခိုင် ယူနိုက်တက် အသင်းတို့မှာလည်း တန်းဆင်းဇုန်အတွင်းမှ အသင်းများနှင့် အမှတ်ကွာဟမှု အနည်း ငယ်သာ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly