Android အသုံးပြုမှုနဲ့ပတ်သက်လို့ Huawei အပေါ် Google က ပိတ်ပင်ကန့်သတ်

Android အသုံးပြုမှုနဲ့ပတ်သက်လို့ Huawei အပေါ် Google က ပိတ်ပင်ကန့်သတ်

Huawei ကို ပေးထားတဲ့ Android operating system ဆိုင်ရာ update တစ်ချို့ကို အမေရိကန် နည်းပညာကုမ္ပဏီ Google က ဖြတ်တောက်လိုက်ပြီ ဖြစ်တာကြောင့် တရုတ်ကုမ္ပဏီအတွက် ကြီးကြီးမားမား အထိနာစေခဲ့ပါတယ်။

ယင်းအတွက်ကြောင့် အသစ်ထွက်ရှိမယ့် Huawei စမတ်ဖုန်းတွေမှာတော့ နာမည်ကျော် Google apps တွေ လက်ခံအသုံးပြုနိုင်ခွင့် ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။

တရားဝင် လိုင်စင် မရှိရင် အမေရိကန် ကုမ္ပဏီတွေအနေနဲ့ ပစ္စည်းတွေ ရောင်းဝယ်ခွင့် မရှိတဲ့ ကုမ္ပဏီများစာရင်းမှာ  Huawei ကို ထည့်သွင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း ခုလို အခြေအနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ အမိန့်ညွန်ကြားချက်အတိုင်း လိုက်နာ လုပ်ဆောင်နေကြောင်း၊ ဒီကနေ ဖြစ်လာမယ့် ဂယက်ရိုက်ခတ်မှုတွေကို လေ့လာသုံးသပ်နေကြောင်း Google က ထုတ်ပြန်ပြောကြားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ Huawei ကတော့ ငြင်းဆန်ပါတယ်။

ယခုလို ကန့်သတ်ချက်တွေကြောင့် Huawei အနေနဲ့ Google ဆီကနေ လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေနဲ့ နည်းပညာ အထောက်အပံ့တွေ ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် Huawei ထုတ်ကုန်သစ်တွေမှာလည်း YouTube နဲ့ Google Maps တို့လို apps တွေကို ပါရှိလာဖို့ မရှိတော့ပါဘူး။

Huawei အနေနဲ့ကတော့ Android operating system ကို တော့ လွတ်လပ်စွာ သုံးနိုင်တဲ့ ဗားရှင်းတစ်ခုအနေနဲ့ ဆက်သုံးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ခုလို Google ရဲ့ လုပ်ဆောင်ချက်ဟာ Huawei ရဲ့ consumer business လုပ်ငန်းအတွက်တော့ ကြီးမားတဲ့ ဂယက်ရိုက်မှုတွေ ဖြစ်လာစေလိမ့်မယ်လို့ CCS Insight consultancy မှ Ben Wood က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly