ပီအက်စ်ဂျီကနေ ထွက်ခွာပြီး အသင်းပြောင်းရွှေ့နိုင်ခြေရှိတဲ့ လီဂူ-၁ ရဲ့ တစ်နှစ်တာ အကောင်ဆုံးကစားဆုရ အမ်ဘာပေ

ပီအက်စ်ဂျီကနေ ထွက်ခွာပြီး အသင်းပြောင်းရွှေ့နိုင်ခြေရှိတဲ့ လီဂူ-၁ ရဲ့ တစ်နှစ်တာ အကောင်ဆုံးကစားဆုရ အမ်ဘာပေ

အမ်ဘာပေက သူ့အနေနဲ့ ပီအက်စ်ဂျီကနေ ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိတယ်လို့ တနင်္ဂနွေနေ့က လီဂူ-၁ ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲမှာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ပြင်သစ်လီဂူ-၁ ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးလူငယ်ကစားသမား (၂)ဆုလုံးကို ရရှိတဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

အသက် ၂၀ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြသခဲ့ပြီး ပြင်သစ်အသင်းနဲ့အတူ ဆုဖလားဆွတ်ခူးရာမှာ အသင်းအတွက် (၄)ဂိုး သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံမှာ (၃၈)ဂိုး သွင်းယူထားပါတယ်။

သူက ပြင်သစ်ကနေ တခြားနေရာဆီ ပြောင်းရွှေ့နိုင်ဖွယ် ရှိတယ်ဆိုတာကိုတော့ ငြင်းဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

"ဒါဟာ (ဒီဆု) ကျနော့်အတွက် အရမ်းကို အရေးပါတဲ့ အခိုက်အတန့်ပါ။ ကစားသမားဘဝ အလှည့်အပြောင်း အချိုးတစ်ခုကို ရောက်နေပါပြီ။ ပြင်သစ်မြေမှာ အများကြီး သင်ယူလေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီအခိုက်အတန့်တွေမှာ ပီအက်စ်ဂျီမှာပဲဖြစ်ဖြစ်၊ တခြားနေရာမှာပဲဖြစ်ဖြစ် ပိုပြီး တာဝန်ယူမှု ပေးအပ်ခြင်းခံယူလိုပါတယ်။"လို့ အမ်ဘာပေက BeIN Sports ကို ပြောပါတယ်။

"ဒါဟာ ပီအက်စ်ဂျီမှာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖြစ်လာမယ်ဆိုရင်တော့ သိပ်ကို ပျော်ရွှင်ဖို့ ကောင်းမှာပါ။ ဒါမှမဟုတ် စိန်ခေါ်မှုသစ်တွေအတွက် စီမံကိန်းသစ်တွေနဲ့အတူ တခြားနေရာဆီလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။"

အမ်ဘာပေဟာ ၂၀၁၇ ခုနှစ်က မိုနာကိုမှာ ကစားစဉ်ကတည်းက ကို ရီးယဲလဲအသင်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ပီအက်စ်ဂျီအသင်းဆီ ကနဦးအငှားနဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ယူရိုသန်း (၁၈၀)နဲ့ အပြီးသတ် စာချုပ်လိုက်ပါတယ်။

ဒါပေမယ့် ရီးယဲလ်အသင်းဆီ တစ်ကျော့ပြန် ဇီဒန်း ရောက်ရှိခဲ့မှုက ဘာပေကို ဘာနေဗျူးဆီ ဆွဲဆောင်နိုင်ဖွယ်ရှိတယ်လို့ အသင်းဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်က ယခုနှစ်အစောပိုင်းမှာ ပြောဆိုခဲ့ဖူးပါတယ်။

အမ်ဘာပေဟာ လီဂူ-၁ မှာ ဒီရာသီ လိဂ်ဂိုး (၃၂)ဂိုးသွင်းယူထားပြီး ဒါဟာ ၁၉၆၅-၆၆ ဘောလုံးရာသီမှာ နန့်စ်အသင်းအတွက် (၃၆)ဂိုး သွင်းယူပေးခဲ့တဲ့ ဖိလစ် ဂန့်ဒင်နောက်ပိုင်း အနည်းဆုံး လိဂ်ဂိုး (၃၂)ဂိုးသွင်းယူတဲ့ ပထမဆုံးပြင်သစ်ကစားသမားဖြစ်လာပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly