အပစ်ရပ်ရန်နှင့် စစ်ဘေးရှောင်ဒုက္ခသည်အရေး ဖြေရှင်းပေးရန် ရခိုင်လူထု ချီတက်ဆန္ဒပြ

အပစ်ရပ်ရန်နှင့် စစ်ဘေးရှောင်ဒုက္ခသည်အရေး ဖြေရှင်းပေးရန် ရခိုင်လူထု ချီတက်ဆန္ဒပြ
 မေ ၁၉ ရက်နေ့က စစ်တွေတွင် ဆန္ဒဖော်ထုတ်ကြစဉ် (ဓာတ်ပုံ - အောင်အောင်ထူး)

စစ်တွေ၊ မေ ၁၉ ။          ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်စစ်ပွဲများကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်တွင် ဆွေးနွေး အဖြေရှာရန်နှင့် တိုက်ပွဲများကြားမှ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဒုက္ခသည်များအရေး ဖြေရှင်းပေးရန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မေ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းက မကြွေးကြော်ဘဲ အသံတိတ် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် စစ်တွေမြို့မှ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများ၊ နိုင်ငံရေးသမားများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ဒေသခံ ထောင်နှင့်ချီ၍ ပါဝင်ကြကြောင်း သိရသည်။

 ဆန္ဒပြရခြင်းနှင့် ပတ်သက်၍ ၎င်းတို့သည် မေ ၉ ရက်နေ့ကတည်းက အစည်းဝေးတစ်ရပ်ပြုလုပ်ကာ အပစ်ခတ် ရပ်ပေးရေး၊ စစ်ဘေးရှောင် ကိစ္စရပ်များကို အစိုးရက ဆောင်ရွက်ပေးရေး၊ ပြည်တွင်းနှင့် ပြည်ပမှ အလှူရှင်များ ကို လွတ်လပ်စွာသွားလာခွင့်ပေးရေးနှင့် တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရမှုနှင့် ဖမ်းဆီးခံထားရမှုများ ထပ်မံ မဖြစ်စေရန် နိုင်ငံတော်သမ္မတ၊ ၎င်း၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံကို တောင်းဆိုထားကြသည်။

 သို့ရာတွင် ၎င်းတို့တောင်းဆိုသည့်အတိုင်း နိုင်ငံတော်အဆင့်တာဝန်ရှိသူများများထံမှ မဟုတ်ဘဲ ပြည်နယ် ဝန်ကြီးချုပ်ကသာ စာပြန်ခဲ့ရာ အဓိကတောင်းဆိုချက်များကို လိုက်လျောပေးမှု မရှိ၍ ဆန္ဒဖော်ထုတ် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။

 “ကျွန်တော်တို့သုံးသပ်တဲ့အထဲမှာ အဲဒီစာဟာ နိုင်ငံတော်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေဆီကနေပြီးတော့ တရားဝင် ဆုံးဖြတ်ချက်ကို လမ်းညွှန်ပြီးတော့ ပြန်ကြားဖို့ ဆုံးဖြတ်တာ မဟုတ်ဘူး။ ပြည်နယ်အစိုးရရဲ့ အာဘော်သာ ဖြစ်တယ်။ အဲဒါကြောင့် အခုဒီဆုံးဖြတ်ချက်အရ ဒီအပစ်ခတ် ရပ်စဲရေးတွေကို မလုပ်နိုင်ဘူးဆိုရင် အပစ်ခတ် ရပ်စဲမှုမရှိဘဲနဲ့ နောက်ဆက်တွဲဖြစ်နေတဲ့ ဒီအပိုဒ် ၃ အချက်ရဲ့ အခက်အခဲတွေကို မဖော်ဆောင်နိုင်ဘူးဆိုတဲ့ အချက်တွေကို စဉ်းစားသုံးသပ်ပြီးတော့ ကျွန်တော်တို့ဟာ ဒီဆန္ဒဖော်ထုတ်မှုကို ပြုလုပ်ခြင်းဖြစ်တယ်။”ဟု ဆန္ဒဖော်ထုတ်ရေးအဖွဲ့မှ  ဦးဆောင်ကော်မတီဝင် ဦးအောင်ဌေးက ပြောသည်။

 ထိုပြင် အသံတိတ်ဆန္ဒဖော်ထုတ်မှုမှာ ဆန္ဒပြခွင့်ရရေး ငြိမ်းစုစီတင်ရာတွင်လည်း တင်ပြသည့် အချက် ၆ ချက် အနက် အပြစ်မဲ့ပြည်သူများဥပဒေမဲ့ နှိပ်စက်သတ်ဖြတ်ခံရခြင်း နှင့် သံသယဖြင့် မတရားဖမ်းဆီးခံထားရသူများ ကို လွှတ်ပေးရန်စသည့်အချက်များ တားမြစ်ခံခဲ့ရသည့်အတွက် ဆန္ဒပြသူများက အသံတိတ်ကာ ချီတက်ခဲ့ကြပြီး ကြွေးကြော်အော်ဟစ်တောင်းဆိုခြင်းများ မပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့် စာရေးဆရာမ ပန်းချီရှင်းလှကလည်း “တာဝန်သိတဲ့ အစိုးရဆိုလို့ရှိရင် ပြည်သူလူထုရဲ့ကောင်းစားရေးကို လိုလားတယ်ဆိုလို့ရှိရင်၊ ကျွန်မတို့ကို ရင်ဝယ်သားလို စိတ်ထားတယ် ဆိုလို့ရှိရင်၊ လူသားချင်းစာနာတဲ့ စိတ်ရှိတယ်ဆိုလို့ရှိရင် ကျွန်မတို့လိုတဲ့ဟာကို သူတို့လုပ်ပေးရမှာပဲ။ ဒါ ကျွန်မတို့ မတော်မတရားတောင်းတာ မဟုတ်ဘူး။ ဒုက္ခဖြစ်နေတဲ့ ကျွန်မတို့အမြင် လက်တွေ့ပေါ့။ ဒီမှာ ခံစားနေရတဲ့ ကျွန်မတို့ရဲ့ ခံစားချက်တွေက ရင်နဲ့အမျှ ခံစားရတယ်။ ဒါတွေကို သိစေချင်တယ်။ အဲဒါကြောင့် မယုံလို့ရှိရင် ကွင်းဆင်းကြည့် ပါ။ လူကြီးတွေ ကွင်းဆင်းကြည့်ရင် မြင်ရလိမ့်မယ်။ ဒါဟာ အမှန်တရားပဲ။”ဟု ပြောသည်။

 ယနေ့ စစ်တွေမြို့ အပါအဝင် ပုဏ္ဏားကျွန်း၊ မောင်တောနှင့် ပေါက်တောတို့တွင်လည်း တစ်ပြိုင်နက်တည်း ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

 ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ တပ်မတော်နှင့် AA တို့၏တိုက်ပွဲများကြောင့် လက်ရှိတွင် စစ်ရှောင်ဦးရေ ၃၇၀၀၀၀ အထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းများအရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly