ဥရောပကို ဖျက်ဆီးမည့် အစွန်းရောက် အမျိုးသားရေးဝါဒ ပြန့်နှံ့လာမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ မာကဲလ် တိုက်တွန်း

ဥရောပကို ဖျက်ဆီးမည့် အစွန်းရောက် အမျိုးသားရေးဝါဒ ပြန့်နှံ့လာမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ မာကဲလ် တိုက်တွန်း

မေ ၁၉ ။            ။ ဥရောပ ဒေသမှာ အစွန်းရောက် အမျိုးသားရေး ၀ါဒ ကြီးထွားလာမှုအပေါ် အားလုံး ၀ိုင်းဝန်း ရင်ဆိုင်တိုက်ထုတ်သွားကြရန် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်က မေလ ၁၈ ရက်မှာ တိုက်တွန်း ပြောဆိုလိုက်သည်။

ယခုအခါ ဥရောပဒေသကို ဖျက်ဆီးလိုသည့် ရေစီးကြောင်းလှိုင်းများ ရှိနေပြီး ယင်းတို့ကို ခုခံကြရမှာဖြစ်ကြောင်း သူမက ပြောသွားသည်။

လက်ရှိတွင် ထိုကဲ့သို့ အစွန်းရောက် အမျိုးသားရေးဝါဒီ ကိုင်ဆွဲထားသည့် ပါတီများ ခေါင်းထောင်လာမှုအပေါ် ခုခံရင်ဆိုင်ရန် လိုကြောင်း ဥရောပဒေသတွင်းက နိုင်ငံရေးသမား အားလုံးကို ဂျာမနီ အကြီးအကဲ တိုက်တွန်းလိုက်သည်။

အဆိုပါ အမျိုးသားရေး ၀ါဒီ လှုပ်ရှားမှုများက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ လူနည်းစုများအပေါ် ကာကွယ်ပေးရေး စသည့် ဥရောပ၏ အဓိက စံနှုန်းများကို ဖျက်ဆီးလိုနေလျက် ရှိကြောင်း မာကဲလ်က ပြောသည်။

“ ခုချိန်မှာ ကျွန်မတို့ဟာ အစွန်းရောက် အမျိုးသားရေးဝါဒီ လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ သူတို့ဟာ ဥရောပဒေသက ကျွန်မတို့ရဲ့ စံနှုန်းတွေကို ဖျက်ဆီးပစ်ချင်နေကြပါတယ်၊ ဒီအပေါ်မှာ ကျွန်မတို့ ပြတ်ပြတ်သားသား ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်” ဆိုပြီး မာကဲလ်က ဇာဂရက်မြို့တွင် ခရိုးအေးရှား ဝန်ကြီးချုပ် အန်ဒရီ ပလန်ကိုဗစ် နှင့် တွေ့ဆုံစဉ်အတွင်း ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly