ပထမဦးဆုံးရာသီမှာ စီးရီးအေရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိသွားတဲ့ ရော်နယ်လ်ဒို

ပထမဦးဆုံးရာသီမှာ စီးရီးအေရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိသွားတဲ့ ရော်နယ်လ်ဒို
Photos: EPA

ပေါ်တူဂီတိုက်စစ်မှူးဟာ အဆိုပါဆုကို တနင်္ဂနွေနေ့ရဲ့ အတ္တလန္တာနဲ့ပွဲစဉ်မတိုင်မီ လက်ခံရရှိမှာဖြစ်ပြီး အလားတူဆုမျိုးကို အင်္ဂလန်နဲ့ စပိန်တို့မှာလည်း ဆွတ်ခူးခဲ့ပြီးဖြစ်ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အီတလီမှာ သူ့ရဲ့ ပထမဦးဆုံးဘောလုံးရာသီမှာပဲ စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ တူရင်အင်အားကြီးအသင်းကို သူ့ရဲ့ သွင်းဂိုး (၂၁)ဂိုးနဲ့အတူ စကူဒက်တို (စီးရီးအေ)ဖလား (၈)ရာသီဆက် ရရှိအောင် အသင်းကို ဦးဆောင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီတစ်နှစ်တာ အကောင်းဆုံးဆုကို တနင်္ဂနွေနေ့မှာ (ယနေ့)ကစားမယ့် အတ္တလန္တာနဲ့ ပွဲစဉ်မတိုင်မီ လက်ခံရရှိသွားမှာဖြစ်ပါတယ်။

တခြား တစ်ဦးချင်းအကောင်းဆုံးဆုတွေထဲမှာ စီးရီးအေ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ရရှိတဲ့ အင်တာမီလန်ရဲ့ ဟန်ဒါနိုဗစ်လည်း ပါဝင်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးနောက်တန်းကစားသမားဆုကိုတော့ နာပိုလီအသင်းမှ ကူလီဘေလီ၊ ကွင်းလယ်၊ တိုက်စစ်နဲ့ လူငယ်အကောင်းဆုံး ကစားသမားဆုတွေကို မီလင်ကိုဗစ်-ဆာဗစ် (လာဇီယို)၊ ကွာဂလီယာရယ်လာ (ဆမ့်ဒိုးရီးယား)နဲ့ နီကိုလို ဇမ်နီယိုလို (ရိုမား)တို့က အသီးသီး ရရှိသွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အခုဆိုရင် အင်္ဂလန်၊ စပိန်နဲ့ အီတလီတို့မှာ တစ်နှစ်တာအကောင်းဆုံးဆုတွေကို ဆွတ်ခူးခဲ့ပြီး အဆိုပါနိုင်ငံတွေရဲ့ ပြည်တွင်း အမှတ်ပေးလိဂ်ဖလားအသီးသီးကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballons d’Or ကို (၅)ကြိမ်ရရှိထားပါတယ်။

အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ ရီးယဲလ်မက်ဒရစ်မှ ယူရိုသန်း ၁၀၀ နဲ့ ၂၀၁၈ ခုနှစ်၊ နွေရာသီက ဂျူဗင်တပ်စ်အသင်းကို ပူးပေါင်းခဲ့ပါတယ်။

သူဟာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၃)လုံးဆက်ရယူခဲ့ပြီးနောက် ကလပ်အသင်းရဲ့ ထာဝရဂိုးအများဆုံးသွင်းသူအဖြစ် ဘာနေဗျူးကနေ ထွက်ခွာခဲ့တာပါ။

သူဟာ ၂၀၀၈ ခုနှစ်က မန်ယူကစားသမားအနေနဲ့ရော ချန်ပီယံလိဂ်ဖလားကို ရယူခဲ့သူဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ ရော်နယ်လ်ဒိုကို ဥရောပဖလား အောင်မြင်မှုရရှိအောင် ခေါ်ယူခဲ့ပုံရပေမယ့်လည်း ဒီရာသီ ချန်ပီယံလိဂ်မှာ အေဂျက်အသင်းကို ဖြတ်ကျော်နိုင်ခဲ့ခြင်းမရှိဘဲ ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်းပြိုင်ပွဲတွေမှာတော့ အမြင့်ဆုံးအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အိုးလေဒီတို့အနေနဲ့ စီးရီးအေဖလားကို သက်တောင့်သက်သာရရှိခဲ့ပေမယ့်လည်း ဒီပြိုင်ပွဲမှာ ရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ထားခဲ့တာတွေအတွက် အကောင်းဆုံးဆုကို ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယနေ့ည (တနင်္ဂနွေနေ့)မှာ ပွဲစဉ်မတိုင်မီ စကူဒက်တိုဖလားကို အသင်းမှ ထွက်ခွာသွားတော့မယ့် အယ်လီဂရီအတွက် အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ နောက်ဆုံးအကြိမ်အဖြစ် အသင်းနဲ့အတူ လက်ခံသွားဖို့ရှိပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly