နည်းလမ်းသစ်ဖြင့် NCA ကို အကောင်အထည်ဖော်မည်ဟု KNU ထုတ်ပြန်

နည်းလမ်းသစ်ဖြင့် NCA ကို အကောင်အထည်ဖော်မည်ဟု KNU ထုတ်ပြန်

ရန်ကုန်၊ မေ ၁၉ ။            ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှနေ၍ နုတ်ထွက်စာတင်ထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် နည်းလမ်းအသစ်ဖြင့် ကြိုးပမ်းသွားမည်ဟု ဆုံးဖြတ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေ ၁၄ ရက်မှ ၁၈ ရက်အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့သည့် PPST ထိပ်သီးညီလာခံတွင် KNU ၏ နည်းလမ်းအသစ်ဖြစ်သည့် PPCM ကို တင်ပြခဲ့အပြီး မေ ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

NCA အကောင်အထည်ဖော်မှုကိုပိုမိုအားကောင်းစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအကောင်အထည်ဖော်နိုင်ရေးအတွက်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား Peace Process Consultative Meeting (PPCM) ကိုဖွဲ့စည်းရန် KNU မှ အဆိုပြုခဲ့ခြင်းလည်းဖြစ်သည်။

စုဖွဲ့မှုအသစ်၏အဓိကလုပ်ငန်းစဉ်မှာ ၂၀၂၀ မတိုင်မှီနှင့် ၂၀၂၀ ကာအလွန်များတွင် နိုင်ငံရေးဆွေးနွေးပွဲများကို အဆင့်လိုက် ကျင်းပနိုင်ရန်နှင့် ခိုင်မာတိကျသောရလဒ်များရရှိရန် စိတ်အားထက်သန်သည့်အစုအဖွဲ့အားလုံး ပါဝင်သော လုပ်ငန်းစဉ်အတွက် အတူတကွပါဝင်နိုင်သည့်နည်းလမ်းရှာဖွေခြင်းနှင့် အကောင်အထည်ဖော်ခြင်း တို့အတွက် ဖြစ်သည်ဟု KNU မှ ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် KNU အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးကို ရရှိရန်ဆုံးဖြတ်ထားသကဲ့သို့ NCA အကောင်အထည်ဖော်မှုလမ်းကြောင်းမှ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကိုအခြေခံကာ ကြိုးစား ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ ထိပ်သီးညီလာခံမှချမှတ်သော လုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ဖြစ်ပေါ်ခဲ့သော တစ်ဆို့မှုများကို ကျော်လွှား ရေးဆိုင်ရာ ပြင်ဆင်ဆွေးနွေးရေးလုပ်ငန်းစဉ်နှင့် PPCM ကို အကောင်အထည် ဖော်နိုင်ရေးနည်းလမ်းရှာဖွေသည့် လုပ်ငန်းစဉ်များတွင် အတူတကွပူးပေါင်းပါဝင်သွားမည်ဟုလည်း ဆိုသည်။

ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)သည် PPST မှ နုတ်ထွက်ရန် စာတင်ထားခဲ့သော်လည်း အဆိုပါကိစ္စကို ညီလာခံမှ ဆိုင်းငံ့ထားခဲ့ကာ လာမည့်နှစ်လအတွင်း ဒုတိယပိုင်းအဖြစ်ကျင်းပသည့်အခါမှ ဆက်လက်ဆွေးနွေးကြရန် ဆုံးဖြတ်ထားခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly